မိုးထိမိုးမိ လုပ်သားခေါင်းဆောင်များ ရုံးချိန်းတွင် ပုဒ်မ ထပ်တိုးခံရ

မိုးထိမိုးမိ လုပ်သားခေါင်းဆောင်များ ရုံးချိန်းတွင် ပုဒ်မ ထပ်တိုးခံရ
by -
မဇ္စျိမ

အဖမ်းခံထားရသည့် မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင် လေးဦးကို နိုင်ငံတော် ဆူပူရန် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုထားရာမှ အင်္ဂါနေ့ ရုံးချိန်းတွင် အခြား အမှုတမှုဖြင့် ထပ်မံ စွဲဆိုလိုက်ကြောင်း တရားခွင်သို့ ရောက်ရှိခဲ့သူများက ပြောသည်။

“ဒီနေ့ ရုံးချိန်းမှာ အာမခံ ရဖို့ လျှောက်ထားတာ။ တရားသူကြီးက ၅ဝ၅ (ခ) ကို အာမခံ ပေးလို့ မရဘူးလို့ ပြောတယ်။ မရတဲ့အပြင် မြို့မ ရဲစခန်းက စွဲတဲ့ နောက်ထပ်တမှုပါ ထပ်တိုးတယ်” ဟု အဖမ်းခံ ရွှေလုပ်သားခေါင်းဆောင် ကိုရဲရင့်ထွန်း၏ ဇနီးဖြစ်သူ မအိမွန်ကျော် က မဇ္စျိမကို ပြောသည်။

ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် တရားရုံး၌ နိုင်ငံတော် ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ရုံးထုတ်ခဲ့ပြီးနောက် ယနေ့ရုံးချိန်းတွင် စီတန်းလှည့်လည်ခွင့် အမိန့်မရဘဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ဖြင့် ရေတာရှည် မြို့မ ရဲစခန်းက ထပ်မံစွဲဆိုလိုက်ခြင်း ဖြစ်သည်။

ရွှေလုပ်သား ခေါင်းဆောင်များ၏ အမှုကို တောင်ငူမှ ဗဟိုတရားရုံးရှေ့နေ ဦးကြည်စိုး က ကူညီဆောင်ရွက်ပေး
ကြောင်း တရားခွင်သို့ ရောက်ရှိခဲ့သူ ရွှေလုပ်သားတဦး ဖြစ်သည့် ကိုမိုးကြီး က ပြောသည်။

“ကျနော်တို့ ရှေ့နေက နိုင်ငံတော်ကို ဆူပူအုံကြွအောင် လုပ်တာ မဟုတ်ဘူး။ လုပ်စရာလည်း အကြောင်းမရှိ ဘူး။ အလုပ်သမားနဲ့ အလုပ်ရှင်တွေ ဖြစ်တဲ့ကိစ္စပါလို့ လျှောက်တယ်။ ဒါပေမယ့် ကျနော်တို့ကို အာဏာပိုင်တွေ က ၅ဝ၅ (ခ) နဲ့ စွဲတယ်” ဟု မဇ္စျိမကို ပြောသည်။

လက်ရှိတွင် ရွှေလုပ်သားခေါင်းဆောင် လေးဦး ဖြစ်သည့် ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်နှင့် ကိုစောနောင် တို့ကို တောင်ငူထောင်၌ ချုပ်နှောင်ထားဆဲ ဖြစ်ပြီး အမှုကို ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြန်လည် ချိန်းဆိုထားကြောင်း ကိုမိုးကြီး က ပြောသည်။

ထို စွပ်စွဲခံ လေးဦးမှာ ပြစ်မှုထင်ရှားသည်ဟု ဆိုပါက ပုဒ်မ ၁၈ ဖြင့် တနှစ်ထက် မပိုသောထောင်ဒဏ်နှင့် ပုဒ်မ ၅ဝ၅ (ခ)ဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံရနိုင်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အမျိုးသား ၆၉ ဦးနှင့် အမျိုးသမီး ရ ဦး ပါဝင်သည့် ရွှေလုပ်သား ရ၆ ဦးတို့က
နေပြည်တော်သို့ လမ်းလျှောက် ချီတက်စဉ် တောင်ငူခရိုင်၊ ရေနီစက္ကူစက် လမ်းဆုံအရောက်တွင် ခေါင်းဆောင်များကို ရဲများက ရိုက်နှက် ဖမ်းဆီးခဲ့ပြီး ကျန်သည့် ရွှေလုပ်သားများမှာလည်း ရေနီမြို့တွင် လေးရက်ကြာ ပိတ်မိနေခဲ့သည်။

လုံခြုံရေး ထူထပ်စွာ ချထားခြင်းနှင့် စားဝတ်နေရေး အခက်အခဲကြောင့် ရှေ့မတိုးသာသည့်ရွှေလုပ်သားများ သည် အစိုးရဘက်မှ တာဝန်ရှိသူများ၏ ညှိနှိုင်းမှုကို လက်ခံလိုက်ရပြီး ရမည်းသင်းသို့ ပို့ဆောင်ခံရသည်။

တနင်္လာနေ့ နံနက်ပိုင်းတွင် အစိုးရဘက်မှာ တာဝန်ရှိသူများ အပါအဝင် ရွှေလုပ်သားများနှင့် ကုမ္ပဏီ ကိုယ်စားလှယ် များ ရမည်းသင်းမြို့နယ် ပျဉ်းမတော ဘုန်းတော်ကြီးကျောင်းတွင် ညှိနှိုင်းခဲ့ကြသော်လည်း တစုံတရာ ပြေလည်မှု မရရှိခဲ့ကြောင်း ရွှေလုပ်သား ခေါင်းဆောင်တဦး ဖြစ်သူ ကိုယောက်ကြီး က ပြောသည်။

“ကုမ္ပဏီ ဥက္ကဋ္ဌ မရှိဘူး ဆိုပြီး ဆုံးဖြတ်ချက် ဘာမှ မချနိုင်ခဲ့ဘူး။ သူတို့ ဥက္ကဋ္ဌ လာမှ ပြန်လုပ်မယ်လို့ ပြောတယ်ခင်ဗျ။ သူတို့ ညှိနှိုင်းတာကိုပဲ ကျနော်တို့ စောင့်နေရတယ်ခင်ဗျ” ဟု ဆိုသည်။

နှစ်ဦးနှစ်ဘက် ညှိနှိုင်းရာတွင် ဆန္ဒပြ ရွှေလုပ်သား ရ၆ ဦးကို မိုးထိမိုးမိတောင်ပေါ်သို့ ပြန်လည် တက်ရောက် လုပ်ကိုင်ခွင့် မပြုတော့ကြောင်း ကုမ္ပဏီဘက်က ပြောဆိုခဲ့ပြီး ရွှေလုပ်သားများကလည်း နစ်နာကြေးနှင့် လျော်ကြေး များ တောင်းဆိုသွားမည်ဟု ဆိုသည်။

ညှိနှိုင်းမှု အဆင်မပြေသည့်နောက်တွင် မိမိနေရပ်တွင် ပြန်လည်နေထိုင်ရန် အာဏာပိုင်များက ရွှေလုပ်သားများအားပြောဆိုကာ လူစုခွဲလိုက်သည်ဟု သိရသည်။

ထိုသို့ ပြုမူခံရခြင်းသည် မိမိတို့ ရွှေလုပ်သားများဘက်မှ အကာအကွယ်ပေးသည့် ဥပဒေ မရှိခြင်းကြောင့် ဖြစ်သည်ဟု လည်း ကိုယောက်ကြီး က ပြောသည်။

“မနေ့က ဆွေးနွေးပြီးတာနဲ့ လူစုခွဲလိုက်ရတယ်ခင်ဗျ။ ဒါပေမယ့် လမ်းစရိတ် မရှိလို့ မပြန်နိုင်ဘူး။ ဒီမှာ ရှိတဲ့ ကျနော် တို့ကလည်း ဘယ်သွားလို့ ဘယ်လာရမှန်း မသိဘူး။ သူတို့ ညှိနှိုင်းတာကိုပဲ စောင့်နေပါတယ်ခင်ဗျ” ဟု ဆိုသည်။

သို့သော်လည်း ပြန်လည် ညှိနှိုင်းမည့် ရက်အတိအကျကို ကုမ္ပဏီ ကိုယ်စားလှယ်များနှင့် အာဏာပိုင်များက သတ်မှတ်ပေးခဲ့ခြင်း မရှိကြောင်းလည်း ရွှေလုပ်သားများက ပြောသည်။

Most read this week