လက်ပံတောင်းသပိတ် ဖြိုခွင်းမှုကိစ္စလည်း ကော်မရှင်စုံစမ်းမည်ဟုဆို

လက်ပံတောင်းသပိတ် ဖြိုခွင်းမှုကိစ္စလည်း ကော်မရှင်စုံစမ်းမည်ဟုဆို
by -
မဇ္စျိမ

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်အနေနှင့် ကြာသပတေး နံနက် သပိတ်စခန်းများ ဖြိုခွင်းမှုကိစ္စကိုလည်း စုံစမ်းဖော်ထုတ် မှတ်ချက်ပြုသွားမည်ဟု ဆိုသည်။

မူလဖွဲ့စည်းစဉ်က ကော်မရှင်၏ တာဝန်များဖြစ်သော “ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/မသင့် နှင့် ဆန္ဒပြမှု ဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေအမှန် ဖော်ထုတ်နိုင်ရန်” ဆိုသည့် အချက် ပါ၀င်သော်လည်း တနင်္လာနေ့က ပြန်လည် ထုတ်ပြန်သည့် ကော်မရှင် ကြေညာချက်တွင်မူ “ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေအမှန် ဖော်ထုတ်နိုင်ရန်” ဟူသော လုပ်ငန်း ပါ၀င် မပါလာခဲ့ပါ။

ယင်းကိစ္စ မဇ္စျိမမှ အင်္ဂါနေ့က ဆက်သွယ် မေးမြန်းခဲ့ရာ တနင်္လာနေ့က ပြင်ဆင်ဖွဲ့စည်းလိုက်သော ကော်မရှင်အနေဖြင့် ထိုကိစ္စအား စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် တာဝန်ရှိ ကြောင်း ကော်မရှင်အဖွဲ့ဝင်တဦး ဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောသည်။

“ခေါင်းစဉ်တခုအနေနဲ့ တပ်မထားပေမယ့် ကျမတို့ ဆောင်ရွက်ရမယ့်တာဝန်တွေထဲမှာ အဲဒါတွေ ပါပါတယ်။ ဒီသပိတ် ကိစ္စဟာလည်း ဒီစီမံကိန်းကြောင့် ဆက်နွယ်ပြီး ဖြစ်လာတဲ့အတွက် တရားဥပဒေ စိုးမိုးရေးကိစ္စ နဲ့ဆိုင်တယ်လေ။ ဒါဟာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အကြံပြုချက် ထည့်တဲ့အခါမှာ ဒီကိစ္စတွေ ထည့်ပြီးပြောရမှာပါ။ တရားဥပဒေ စိုးမိုးရေး မရှိလို့ ဆန္ဒပြသူတွေ ဒီလိုဖြိုခွဲခံရတာလေ” ဟု မဇ္စျိမကို ပြောသည်။
flptdemo7

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေး သပိတ်စခန်းအား လုံခြံုရေးရဲများက အကြမ်းဖက်ဖြိုခွင်း ပြီးနောက် ဒဏ်ရာရှိသွားသူများအား လာရောက်သတင်းမေးနေသည့် NLD ပုလဲမြို့နယ် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္စျိမ)

ထို့အပြင် ပြင်ဆင်ဖွဲ့စည်းလိုက်သော ကော်မရှင်တွင် အဖွဲ့ဝင်ဦးရေ ထက်ဝက်ခန့် လျှော့ချပစ်လိုက်သော်လည်း လုပ်ငန်း မထိခိုက်နိုင်ကြောင်း ဆက်လက်ပြောဆိုသည်။

“အလုပ်လုပ်ရတာ ပိုပြီးတော့ ကျစ်ကျစ်လစ်လစ်ရှိသွားမယ်လို့ ထင်ပါတယ်။ လိုအပ်ရင် ပြည်တွင်းပြည်ပက ပညာရှင်
တွေနဲ့ ခေါ်ယူတွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်နိုင်တဲ့အတွက် ဦးရေ နည်းသွားတယ် ဆိုပေမယ့် အလုပ်လုပ်တဲ့ နေရာမှာ အခက်အခဲရှိမယ် မထင်ပါဘူး” ဟု ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

တလအတွင်း တင်သွင်းရမည့် အစီရင်ခံစာအတွက် ကော်မရှင်အနေနှင့် စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည်တို့ကို မကြာမီ စတင်ဆောင်ရွက်တော့မည်ဖြစ်ရာ အင်္ဂါနေ့ည နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှတဆင့် ကော်မတီ၏ သတင်းထုတ်ပြန်မှုတရပ် ထုတ်လွှင့်သွားမည်ဟု သိရသည်။

ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေကြသော ဝမ်ပေါင်ကုမ္ပဏီနှင့် ဦးပိုင် လီမိတက်တို့ကို ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ လာရောက်သည့် နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း ကော်မရှင်ဖွဲ့ပြီးနောက် မတွေ့ဆုံရသေးပေ။

ကော်မရှင်အနေဖြင့် ရလဒ်ကောင်းတခု ပေါ်ထွက်လာစေရန်အတွက် “ကိုယ် ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာ ထဲကနေ ပြည်သူလူထုရဲ့အကျိုး ရှေးရှုပြီးတော့ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြမှာပါ” ဟု ဒေါ်ခင်စန်းလှိုင် က မဇ္စျိမကို ပြောဆိုသွားသည်။