ရခိုင် တော်လှန်ရေး ရဲဘော်ကြီး ဦးထွန်းအောင်ဖြူ ကွယ်လွန်

ရခိုင် တော်လှန်ရေး ရဲဘော်ကြီး ဦးထွန်းအောင်ဖြူ ကွယ်လွန်
by -
နိရဥ္စရာ

ဘဝတလျှောက်လုံး တော်လှန်ရေးထဲ၌ ပေးဆပ် ပါ၀င်ခဲ့သူ ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီမှ ရဲဘော်ကြီး ဦးထွန်းအောင်ဖြူသည် ယမန်နေ့က လူကြီး ရောဂါဖြင့် ဘင်္ဂလာဒေချ့်နိုင်ငံတွင် ကွယ်လွန် အနိစ္စရောက်သွားခဲ့ပါသည်။

National United Party of Arakan flag

ဦးထွန်းအောင်ဖြူမှာ ကွယ်လွန်ချိန်တွင် အသက်(၈၂) နှစ် ရှိပြီး ဖြစ်သည်။

ဦးထွန်းအောင်ဖြူသည် ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်ခရိုင် ဗိုင်ဆရီဒေသ သက်ဟေရ်မန်ရွာတွင် သက်အမျိုးသား တစ်ဦး၏ အစောင့်အရှောက်ဖြင့် နေထိုင်နေစဉ် ယမန်နေ့  (နိုဝင်္ဘာလ ၃) ရက်နေ့ ညဥ့်(၃)နာရီ အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက် သွားခဲ့သည်။

“မနေ့က ၃နာရီကျော်လောက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာပါ။ ရောဂါဖြစ်လို့တော့ မဟုတ်ပါဘူး” ဟု သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေး ဖေါင်ဒေးရှင်း မှ အတွင်းရေးမှူး ကိုကံမြင့်က ပြောသည်။

ကျောက်တော်မြို့နယ် နာဂရာ ကျေးရွာ ဇာတိ ဖြစ်သော ဦးထွန်းအောင်ဖြူသည် အစိုးရမှ ပြုလုပ်သော ဖြတ်လေးဖြတ် စစ်ဆင်ရေးကာလ ၁၉၈၀ ပတ်ဝန်းကျင်ကတည်းက မိသားစုကို စွန့်ခွာကာ သူ၏ တပ်ဖွဲ့နှင့် အတူ ဘင်္ဂလာဒေချ့် နယ်စပ်သို့  ရှောင်တိမ်းခဲ့ရသူ ဖြစ်ပြီး  မိသားစုနှင့် တစ်ကြိမ်တစ်ခါမျှ ပြန် ဆုံတွေ့ခွင့်  မရခဲ့ကြောင်း သိရသည်။

ဘင်္ဂလာသို့ ဆုတ်ခွာလာ အချိန်တွင် သမီးတစ်ဦးနှင့် ဇနီးသည်တို့မှာ မင်းပြားမြို့နယ် အသေကာလရွာတွင် ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ဦးထွန်းအောင်ဖြူသည်  ငယ်ရွယ်စဉ် ကတည်းကနေ သေဆုံးသည် အထိ တော်လှန်ရေး ခရီးစဉ် တလျှောက်လုံးတွင် ပါ၀င်ခဲ့ပြီး တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် ရရှိရေး၊ ရခိုင်အမျိုးသား အရေးတို့ အတွက် တိုက်ပွဲဝင်ခဲ့့သူ ဖြစ်သည်။

“သူသေဆုံးမူဟာ အားလုံးအတွက် ၀မ်းနည်းမူပါ” ဟု တော်လှန်နယ်မြေရောက် ဦးနီမင်းက ပြောသည်။

ဦးထွန်းအောင်ဖြူသည် ဗမာပြည်ကွန်မြူနစ်ပါတီတွင် ပထမဆုံး ထမ်းဆောင်ခဲ့ပြီး ယင်းမှတဆင့် အလံနီပါတီ၊ ရမလပမှ ပါတီ သို့ ကူးပြောင်း ၀င်ရောက်ခဲ့သည်။ ယင်းမှ တဆင့် ပါတီများ ပူးပေါင်းသောအခါ  ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေးတပ်ဦးသို့ ပါ၀င်ခဲ့ပြီး တပ်ဦးမှ တပါတီ အဖြစ်သို့ ပြောင်းလဲခဲ့သော ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေးပါတီတွင် ထိပ်ပိုင်း ဗဟိုကော်မတီတစ်ဦး အနေဖြင့် ကွယ်လွန်သွားသည့် အချိန်ထိ တာဝန် ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

Most read this week