သျှမ်း/ မြောက်လူငယ်များ ဘိန်းဖြူသုံးနည်း အသစ်အဆန်းများ ပြုလုပ်လာ

သျှမ်း/ မြောက်လူငယ်များ ဘိန်းဖြူသုံးနည်း အသစ်အဆန်းများ ပြုလုပ်လာ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ယခင်နှစ်များထက် ယခုနှစ်အတွင်း ဘိန်းဖြူကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာပြီး သုံးစွဲနည်း အသစ်အဆန်းများ ခေတ်စားလာသည်ကိုတွေ့ရကြောင်း ဒေသခံရပ်မိရပ်ဖ များကပြောသည်။

 Drug Free Homes

“ဒီနှစ်ထဲမှာ နံပါတ် ဖိုး ခေါ် ဘိန်းဖြူပေါ့ ပျိုအိုမရွေး သုံးကြတယ်။ အရွယ်သုံးပါးလို့တောင် ပြောလို့ရတယ်။ ၀န်ထမ်းရပ်ကွက်တွေမှာတောင် ရောင်းတဲ့လူရှိတယ် ဗျာ” - ဟု ရပ်မိရပ်ဖ တဦးကပြောဆိုသည်။

ထို့အပြင် အထက်တန်းကျောင်းသားများလည်း ဘိန်းဖြူ သုံးစွဲသည်ကိုတွေ့ရကြောင်း၊ သတလ (၁)ခေါ် ၀န်ထမ်းရပ် ကွက်နှင့် အီဟန်းကုလားရပ်ကွက် အီဟန်းသျှမ်းရပ်ကွက်တို့တွင် ဘိန်းဖြူရောင်းချသူ အများဆုံး ရှိကြောင်း၊ ဈေးနှုန်းမှာလည်း သိသိသာသာ တက်လာသည်ကိုတွေ့ရကြောင်း သစ်တောဝန်ထမ်း တဦးကပြောသည်။

“လက်ကား အရောင်းသမားတွေက ဘိန်းဖြူကို ပင်နီစီလင်ပုလင်းနဲ့ ချိန်ရောင်းတာများတယ်။ တပုလင်းဆိုရင် နှစ်သောင်းကျပ်။ လက်လီသမားတွေကို အချိုရည်ပိုက်နဲ့ ပြန်ရောင်းပေးတယ်။ အချိုရည်ပိုက် ချောင်းကို တလက်မ အရှည်ဖြတ်ပြီး ဘိန်းဖြူထဲ့ထားရင် အဲဒါ လေးထောင်ကျပ်။ သုံးတဲ့နည်းကလည်း အမျိုးမျိုး။ မီးလောင်ခံငွေစက္ကူကို ခွက်လေးလုပ်ပြီး ဘိန်းဖြူ မီးရှို့ အငွေ့ကိုတချက်တည်း စုပ်သောက်တဲ့နည်း၊ သွေးကြော ထဲဆေးထိုးထဲ့တဲ့နည်း၊ နားထင်မှာ ဘလိတ်ဓါး (နှုတ်ခမ်းမွေးရိတ်ဓါး)နဲ့ခြစ်၊ သွေးထွက်ဒဏ်ရာ လေး မှာ ဘိန်းဖြူ မှုံ့သိပ်ထဲ့ ခေါင်းကိုက်ကပ်ဆေး ပလာစတာနဲ့ကပ်၊ နောက်တနည်းက သွေးကိုဆေးထိုးအပ်နဲ့ စုပ်ထုတ် စလင်းတချောင်း စာပေါ့။ ပြီးရင်ဘိန်းဖြူနဲ့ ရောသမမွှေပြီး အကြောထဲပြန်ထိုးထဲ့ စသဖြင့်ပေါ့နော်” - ဟု သုံးဖူးသည့် လူငယ်တဦးကပြောသည်။

ယခင်က အချိုရည်ပိုက်တချောင်းလျင် ကျပ် ၄၀၀၀ ရောင်းချကြောင်း၊ ပိုက်တချောင်း၏ လေးပုံတပုံကို ကျပ် တစ်ထောင်ရောင်းချကြောင်း ၊ ယခင်က ကျပ် ၅၀၀၀ ဖိုးဖြင့် ကျေနပ်အောင်ဘိန်း သုံးနိုင်ပြီဖြစ်သော်လည်း ယခုမှာမူ ကျပ်တစ်သောင်းရှိမှသာ ကျေနပ်နိုင်ကြောင်း နမ္မတူဒေသခံစိုင်းနောင့်က ပြောသည်။

ထိုသို့ ကျယ်ကျယ်ပြန့်ပြန့်ရောင်းဝယ်သုံးစွဲနေကြသော်လည်း အာဏာပိုင်များက အရေးယူရှင်းလင်း ပေးခြင်းမရှိကြောင်း ဒေသခံများ ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်  မုံးပေါ်တွင်မူ ဒေသခံအမျိုးသမီးနှင့် ရပ်ကွက် လူထုကျေးရွာ ၂၁ ရွာ စုပေါင်းအင်အား ၂၀၀ ကျော်က မုံးပေါ်ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအသင်း ဖွဲ့စည်း၍ မူးယစ်ဆေးတိုက်ဖျက်လာရာ ရောင်းဝယ်သူရှားပါးလာမှုကြောင့် ဝယ်ယူသုံးစွဲသူလျော့နည်း လာကြောင်း သိသိသာသာအောင်မြင်မှုရရှိလာကြောင်း မြို့ခံများကပြောသည်။