၁၂ ကြိမ်မြောက် တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲကို သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်၌ လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် တရုတ်ဘက်ခြမ်း ကျယ်ဂေါင်(ဝ်) မြို့နှင့် မြန်မာဘက်ခြမ်း မူစယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် နေရာများတွင် နှစ်စဉ် တစ်လှည့်စီ ကျင်းပလာခြင်း ဖြစ်သည် ။
ယခုနှစ် ခင်းကျင်းပြသမည့် ဆိုင်ခန်းပေါင်း ၄၀၀ ခန့်ရှိပြီး ဆိုင်ခန်းတစ်ခန်းလျှင် မြန်မာကုန်သည် များအတွက် ငှားရမ်းခ ကျပ်တစ်သိန်း ခွဲနှင့် တရုတ်ကုန်သည်များအတွက် ယွမ်ငွေ ၁၅၀၀ ဖြစ်ကြောင်း မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကုန် သည်တစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။
“ကုန်သည်တွေငှားဖို့အတွက်လေ ၂၄၄ ခန်းပေါ့။ ဒီ ၂၄၄ ခန်းက ပစ္စည်း ပြခန်းတွေပေါ့နော်။ ခေါင်းလျှော်ရည် တို့ ကော်ဖီမစ် ထုတ်တို့ ပြတဲ့အခန်းတွေပေါ့။ နောက်ခေါက်ဆွဲတို့ ဘီယာဆိုင်တို့လို စားသောက်ကုန်တွေ ရောင်းဖို့အတွက်က အခန်းပေါင်း ၁၃၆ ခန်းရှိတယ်။ အားလုံးဆို အခန်းက ၄၀၀ လောက် ရှိတာပေါ့နော်” ဟု သူက ပြောသည်။
အဆိုပါ ဆိုင်ခန်းများအနက် ၂၄၄ ခန်းမှာ ၁၀ ပေပတ်လည် အခန်းများဖြစ်ပြီး ၁၃၆ ခန်းမှာ အလျား ပေ ၂၀ x အနံ ၁၀ ပေ ပတ်လည် အခန်းများ ဖြစ်ကြောင်း သိရသည်။
နှစ်စဉ် ကျင်းပနေသော အဆိုပါ ကုန်စည်ပြပွဲများတွင် မြန်မာဘက်မှ ပဲမျိုးစုံ၊ ရာဘာ၊ စားသောက်ကုန်၊ လက်မှု အနုပညာ ပစ္စည်း၊ ပရိဘောဂ၊ ရေထွက် ပစ္စည်းများနှင့် တိုင်းရင်းဆေးများ၊ တရုတ်ဘက်မှ စက်မှုထုတ်ကုန် များ၊ အဝတ် အထည်များ၊ လျှပ်စစ်ပစ္စည်းများနှင့် လူသုံးအိမ်သုံးပစ္စည်း အမျိုးအမည် များစွာခင်းကျင်းပြသလေ့ရှိကြောင်း သိရသည်။
ယခုနှစ်တွင် တရုတ်ဘက်ခြမ်း နေထိုင်သည့် မြန်မာကျောက်ကုန်သည်တချို့ ကျောက်စိမ်းလက်မှု အနုပညာပစ္စည်းများ ခင်းကျင်းပြ သမည်ဖြစ်ကြောင်းလည်း သိရသည်။
တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် မူစယ် - မန္တလေးလမ်း၏ လက်ရှိ ကုန်စည် စီးဆင်းမှု ကျဆင်း နေပြီး မြန်မာဘက်မှ ဖရဲ၊ ပြောင်း နှင့်ဆန်များ တရုတ်ဘက်သို့ အဓိက တင်သွင်းနေ၏။ တရုတ် ဘက်မှ အဝတ်အထည်၊ လူသုံး အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ မြန်မာဘက် သို့ တင်သွင်းနေကြောင်း သိရသည်။