အစိုးရနှင့် ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ချင်းအမျိုးသားတပ်ဦး CNF ကိုယ်စားလှယ်များ ဒီဇင်ဘာလ ၃ ရက်နေ့က ဗဟို ဌာနချုပ်မှ စတင် ထွက်ခွာသွားပြီ ဖြစ်သည်။
လာမည့် ဒီဇင်ဘာ ရ ရက်နှင့် ၈ ရက်နေ့များတွင် ဆွေးနွေးရန် ရှိပြီး CNF အထွေထွေ အတွင်းရေးမှူးချုပ် Pu Zing Cung ဦးဆောင်သည့် ၂၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့က အမှတ် (၂) အိန္ဒိယ- မြန်မာကုန်သွယ်ရေး လမ်းကြောင်းမှ ကလေးမြို့သို့ ရောက်ရှိမည်။ ထိုမှ တဆင့် ကလေး-ရန်ကုန် လေကြောင်းလိုင်းဖြင့် ခရီးဆက်မည် ဖြစ်ကြောင်း သိရသည်။
CNF ငြိမ်းချမ်းရေးကိုယ်စား လှယ်များမှာ Pu Zing Cung (အဖွဲ့ခေါင်းဆောင်)၊ Pu Thomas ThangNou (ဒုတိယ အဖွဲ့ခေါင်းဆောင်)နှင့် အဖွဲ့ဝင်များအဖြစ် Pu Paul Sitha, Dr. Suikhar (ပြောရေးဆိုခွင့်ရှိသူ), Salai Kipp Kho Lian, Dr. Lian Hmung Sakhong, Pu H.C Ral Hnin, Pu Thang Yen, Pu Zo Tum Hmung, Pu Thang Ning Kee, Pu Bernard L. Chhangte, Colonel Solomon, Salai Thla Hei, Pu Hau kang, Pu Thawng Za Lian, Pu Ngai Ja Thang, Colonel Than Tun, Major Sang Lian Thang, Major Kha Pawng တို့ပါ၀င်ကြ မည်ဖြစ်ပြီး မီဒီယာ မှတ်တမ်း တာဝန်ခံအဖြစ် Pu Thet Ni တို့ပါ၀င်မည်။
“အခု ဆွေးနွေးပွဲမှာ ချင်းအမျိုးသားရေးဆိုင်ရာ၊ စစ်ဖက်ဆိုင်ရာ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာနဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေး ဆိုင်ရာတွေကို အဓိက ဆွေးနွေးသွား မှာဖြစ်တယ်၊ ပြီးတော့ ပထမ အကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ဆက်လက်ဆွေးနွေးစရာ တွေလည်း ရှိပါတယ်” ဟု CNF ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ ရွှေခါးရ်က ပြောသည်။
ပြည်ထောင်စု အစိုးရအဖွဲ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဌ (၂) ၀န်ကြီးဦးအောင်မင်းက ဦးဆောင်၍ အဖွဲ့ဝင် (၇) ဦးပါ၀င် မည်ဟု သိရသည်။
ထို့အပြင် လေ့လာသူများအဖြစ် Kristine Gould (PACRIM Research Associates, USA) ၊ Mr. Yohei Sasakawa (Chairman, Nippon Foundation, Japan)၊ Mr. Yiji Mori (Nippon Foundation, Japan) ၊ Ms. Suzuka Yoshida (Nippon Foundation, Japan) Charles Petrie (Myanmar Peace Support Initiative –MPSI ) တို့အပြင် Mai Chin Chin (Shalom Foundation, Yangon) ၊ Salai Bawi Lian Mang (Director, CHRO) တို့လည်း ပါ၀င်တက်ရောက်မည် ဖြစ်သည်။
နှစ်ဖက် ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ အမှတ် ၁၁၊ ရွှေလီလမ်းရှိ ငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center Hall) တွင် တွေ့ဆုံ ဆွေးနွေးရန် ရှိသည်။
ဆွေးနွေးပွဲအပြီး ကလေး ကဘော်၊ ရန်ကုန်နှင့် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်ရှိ နိုင်ငံရေး ပါတီများ၊ ချင်းပြည်သူများ၊ တက္ကသိုလ် ကျောင်းသားများနှင့် တွေ့ဆုံရန်ရှိပြီး CNF အဖွဲ့၏ ယခု ခရီးစဉ်တလျှောက် ဒေသခံပြည်သူများက ကြိုဆိုရန် ရှိကြောင်း သိရသည်။
ချင်းအမျိုးသားတပ်ဦးအနေဖြင့် မြန်မာနိုင်ငံအတွင်း ထာဝရ တည်တ့ံခိုင်မြဲသည့် ငြိမ်းချမ်းရေး လမ်းစဉ်အပေါ် လျှောက်လှမ်းရာတွင် ၂၀၁၂ ခုနှစ် တိုင်းရင်းသား ညီလာခံမှ ချမှတ်ထားသည့် တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် (၆)ချက်မှ သွေဖယ်သွားမည် မဟုတ်ကြောင်းနှင့် ချင်းအမျိုးသားများအတွက် ရည်မှန်းထားသည့် နိုင်ငံရေး ပန်းတိုင်ကို လက်ကိုင်ပြုသွားမည်ဖြစ်ကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။