ကယား(ကရင်နီ)ပြည်နယ် အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထားတဲ့အချက်တွေအပေါ် လေးစားလိုက်နာမှုရှိမရှိ စောင့်ကြည့်မည့်အဖွဲ့ကို ဒေသခံလူထုထဲမှ ဖွဲ့စည်းနိုင်ဖို့အတွက် အသိအမှတ်ပြုဖို့ KNPP ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းတို့ ဆွေးနွေးထားကြပြီးဖြစ်တယ်လို့သိရပါတယ်။
KNPP အဖွဲ့ဝင်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုအစိုးရဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့တို့ နိုဝင်ဘာလ ၁၀ ရက်နေ့ ထိုင်းနိုင်ငံမှာ ပဏာမ တွေ့ဆုံဆွေးနွေးစဉ်က နှစ်ဦးနှစ်ဖက်မှ လူပုဂ္ဂိုလ်များပါဝင်မှုမရှိ ဘဲ လေ့လာစောင့်ကြည့်ရေး (Local Monitoring ) အဖွဲ့ကို ဒေသခံလူထုတွေနဲ့ တရားဝင် ဖွဲ့စည်းနိုင်ရေး ပြောဆိုထားကြတယ်လို့ သိရပါတယ်။
နိုင်ဝင်ဘာလ ၃၀ နေ့တွင် နန်းမယ်ခုံတိုက်နယ် အိုကေကျေးရွာတွင် KNPP နှင့်လူထုတွေ့ဆုံပွဲ၌ ဒေသခံစောင့်ကြည့်ရေးအဖွဲ့ နှင့်ပတ်သက်ပြီးဆွေးနွေးနေကြစဉ် (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))
KNPP အတွင်းရေးမှူး(၁) ဆရာခူးဦးရယ်က “ကျနော်တို့ သဘောတူညီချက်ထဲမှာ နှစ်ဦးနှစ်ဖက်က သဘောတူထားတဲ့အချက်တွေ ထိန်းထိန်းသိမ်းသိမ်း လိုက်နာမှုရှိမရှိ လေးစားလိုက်နာမှုရှိမရှိကို ကျနော်တို့ ဒေသအတွင်းလေ့ လာစောင့်ကြည့်ပေးမယ့် ကျနော်တို့ KNPP ဘက်ကလူလဲမဟုတ် အစိုးရဘက် ကလူလည်း မဟုတ် လူထုတွေကြားထဲက ကိုယ်စားပြုပေးနိုင်တဲ့ ပါဝင်ဖွဲ့ စည်းနိုင်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့တဖွဲ့ ကို ကျနော်တို့ ထပ်ဆွေးနွေးသဘောတူထားပါတယ်။ ဒါကို ကျနော်တို့လည်းတိုက်တွန်းထား ပါတယ်။” လို့ ပြောပါတယ်။
Local Monitoring ကိုပြည်တွင်း ဒေသခံတွေနဲ့ ဖွဲ့စည်းလာနိုင်ရေးအတွက် ယမန်နေ့က နန်းမယ်ခုံတိုက်နယ် အိုကေကျေးရွာမှာ ကျင်းပတဲ့ KNPP နဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲမှာ ပြောသွားတာဖြစ်ပါတယ်။
လက်ရှိကယားပြည်နယ် ဒေသ အသီးသီးမှာရှိတဲ့ လူထုအခြေပြုအသင်းအဖွဲ့တွေကနေပြီး ဒီလေ့လာ စောင့်ကြည့်ရေး အဖွဲ့ဖွဲ့စည်းဖို့ ပြင်ဆင်ထားကြပြီးဖြစ်ပါတယ်။ စောင့်ကြည့်ရေးအဖွဲ့ကနေ လူထုတွေဆီက သတင်း အချက်အလက်တွေ ရယူပြီး KNPP နဲ့ အစိုးရ နှစ်ဖက်တာဝန်ရှိသူတွေ ပါဝင်မယ့် ကော်မတီအဖွဲ့ထံ တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီကော်မတီက ဒေသခံစောင့်ကြည့်လေ့လာရေးအဖွဲ့မှ တင်ပြလာတဲ့ အချက်တွေ ပြဿနာတွေကို ဖြေရှင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုတွေ ပါဝင်ဖို့အတွက် အထူးလိုအပ်ပြီး အရေးကြီးတယ်လို့ နိုင်ငံတော် သမ္မတကြီးက ထုတ်ဖော်ပြောဆိုထားပေမယ့် ကယားပြည်နယ်မှာ ၁၉၉၅ ခုနှစ်က အပစ်အခတ် ပျက်ပြယ်ခဲ့စဉ် အခါက ကြံုတွေ့ခဲ့ရတဲ့ အကျိုးဆက်တွေကြောင့် ယနေ့အထိ ပြည်သူလူထုတွေကြားမှာ အကြောက်တရားတွေ ရှိနေဆဲဘဲ ဖြစ်တာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ပူးပေါင်းဖို့ နှောင့်နှေးနေကြရပါတယ်။
ဒီလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို တရားဝင်ဖြစ်ဖို့အတွက် အစိုးရနဲ့ KNPP တို့က အသိအမှတ်ပြုပေးဖို့ လိုအပ်ပြီး တရားဝင်ကြေငြာဖို့ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးလိုအပ်နေတယ်လို့ လူမှုအသင်းအဖွဲ့မှ လူထုကိုယ်စားလှယ် တဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
လူထုကိုယ်စားလှယ်တဦးမှ “ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ လူထုတွေနားလည်သဘောပေါက်မှု အခုဆိုရင် အပစ်အခတ်ရပ်စဲထားတဲ့အချိန်ပေါ့ လူထုတွေနားလည် လာအောင် ပါဝင်နေဖို့က တော်တော်လေး နည်းနေသေးတယ်။ ဘာဖြစ်လို့အဲလိုဖြစ်လဲဆိုတော တစ်အချက်က ကြောက်လို့ နှစ်အချက်က လူထုတွေနား လည်လာအောင် နှစ်ဖက်သော တာဝန်ရှိသူအပြင် ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအသင်းအဖွဲ့အားလုံးကလည်း အဲဒါကိုဖိဖိစီးစီး မလုပ်ပေးနိုင်တဲ့ အချက်တွေကြောင့်မို့လို့လည်း ကျနော်တို့က လူထုတွေရဲ့အရည်အချင်း အရင် မြင့်တင်ပေးဖို့လိုတယ်။ ” လို့ ပြောပါတယ်။
လေ့လာစောင့်ကြည့်ရေး အဖွဲ့ကို ဒေသခံတွေထဲက လူမှုအသင်းအဖွဲ့တွေကနေ ဦးဆောင်ဖွဲ့စည်းထား မှာဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုပါဝင်အားကောင်းလာဖို့ လူထုတွေအကြား အရည်အချင်းမြင့်တင်ရေး ဆောင်ရွက်သွားဖို့ ရှိတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ပထမအကြိမ်ပြည်ထောင်စုအဆင့် KNPP နဲ့ အစိုးရတို့တွေ့ဆုံ ဆွေးနွေး စဉ်အခါက လေ့လာစောင့်ကြည့်ရေး အဖွဲ့ကို ဖွဲ့စည်းထားကြဖို့ သဘောတူညီချက် အချက်(၃)မှာ ဖော်ပြထားပါတယ်။ သိုသော် ယင်းသဘောတူညီချက် အရ ဒေသကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့ဝင်အဖြစ် ထားရှိမယ့် လူပုဂ္ဂိုလ်စာရင်းကို အပြန်အလှန်ညှိနှိုင်းအတည်ပြုဖို့ သဘောတူတယ်လို့ ပြောထားပါတယ်။
အမှန်တကယ် ဒေသတွင်း လေ့လာစောင့်ကြည့်မယ့်အဖွဲ့က မည်သည့် နိုင်ငံရေးအဖွဲ့အစည်းမှ လူပုဂ္ဂိုလ်တွေပါဝင်မှု မရှိစေဖို့ လူထုတွေထဲကနေ ဖွဲ့စည်းဖို့ လိုအပ်ကြောင်း လူထုအခြေပြုလူမှု အသင်းအဖွဲ့တွေက တင်ပြဆွေးနွေးလာမှုအပေါ် အစိုးရနဲ့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမည့် အချိန်မှာ KNPP အနေနဲ့ ထပ်မံထည့်သွင်းဆွေးနွေး တင်ပြသွားမယ်လို့ သိရပါတယ်။