စစ်တွေမြို့မှ အမျိုးသမီး တစ်ဦး လက်ပံတောင်းတောင် အကြမ်းဖက် နှိ်မ်နင်းမူကို မကျေနပ်၍ တကိုယ်တော် ဆန္ဒပြ

စစ်တွေမြို့မှ အမျိုးသမီး တစ်ဦး လက်ပံတောင်းတောင် အကြမ်းဖက် နှိ်မ်နင်းမူကို မကျေနပ်၍ တကိုယ်တော် ဆန္ဒပြ
by -
နိရဥ္စရာ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်နေသည့် သံဃာတော်များနှင့် ဒေသခံများကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့သည့် အပေါ် ရှုတ်ချ ကန့်ကွက်သည့် အနေဖြင့် စစ်တွေမြို့တွင် အမျိုးသမီး တစ်ဦးက တစ်ကိုယ်တော် ဆန္ဒပြသည်။

တစ်ကိုယ်တော် ဆန္ဒပြသူမှာ စစ်တွေမြို့မှ အမျိုးသမီးအရေး လှုပ်ရှာနေသူတစ်ဦး ဒေါ်ညိုအေး ဖြစ်သည်။ သူမသည် ဆိုင်းဘုတ် တစ်ခုအား ကိုင်ဆောင်ပြီး  ယန့ နေ့လည် ၂ နာရီခွဲမှ ၄ နာရီအထိ စစ်တွေမြို့  လောကာနန္ဒာစေတီမှ လမ်းမကြီးအတိုင်း လမ်းလျှောက် သွားပြီး နာရီစင်ဝိုင်းမှ တစ်ဆင့် မောလိပ် ရပ်ကွက်ကို ဖြတ်ကာ မင်းဘာကြီးလမ်းရှိ ရခိုင်ပြည်နယ် အမျိုးသမီးများကွန်ယက်ရုံးထိ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ma-nyo-aye

တစ်ကိုယ်တော် ဆန္ဒပြရသည့်အကြောင်းကို သူမက ယခုကဲ့သို့ ပြောသည်။

“အခုလို ကျမတို့ဘက်က ဆန္ဒကို ထုတ်ဖော်ပေးနိုင်တဲ့အတွက် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်း အတွက် တိုက်ပွဲဝင်နေတဲ့သူတွေအတွက် အထောက်အကူ တခုဖြစ်မယ်လို့ထင်တယ်။ ပြီးတော့ သံဃာတော်တွေ အဆမတန် ဒဏ်ရာသွားခဲ့ကြရတဲ့ အကြမ်းဖက်မှုကို ရှုတ်ချတဲ့ အနေနဲ့လည်း ပါ၀င်ပါတယ်။ နောက်ပြီး လက်ပံတောင်းတောင် ကိစ္စကို  ရခိုင်ပြည်သူတွေကို ပိုပြီး သိစေချင်တဲ့ အတွက် လုပ်တာ ဖြစ်ပါတယ်”  ဟု ဆိုသည်။

ယခုကဲ့သို့ တစ်ကိုယ်တော် ဆန္ဒပြသည့်အတွက်  ဒေါ်ညိုအေးအား ရဲစခန်းသို့ခေါ်ယူ သတိပေးမူ ပြုလုပ်ခဲ့သည်ဟု သူမက ဆက်ပြောသည်။

“နောက်ဒီ လိုမျိုး ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာမှာ လျှောက်လွာတင်ပြီး ခွင့်ပြုချက်ယူရမယ်လို့ ပြော တယ်။ ကျမကလည်း တစ်ကိုယ်တော် ဆန္ဒပြတာဖြစ်တဲ့ အတွက် ပုဒ်မ ၁၄၄ နဲ့လည်း ငြိစွန်းမှု မရှိတဲ့ အတွက် ခွင့်ပြုမိန့် ယူစရာ မလိုတဲ့အကြောင်းကို ပြန်ပြောခဲ့တယ်” ဟု ဆိုသည်။

မြန်မာ ဦးပိုင် ကုမ္ပဏီနှင့် တရုတ်ဝန်ပေါင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေသည့် လက်ပံတောင်းတောင်  ကြေးနီစီမံကိန်းကြောင့် ကျေးရွာ အများ အပြား ပြောင်းရွေ့ခံရပြီး ဒေသခံများပိုင်ဆိုင်သည့် လယ်မြေ အများအပြား ဆုံးရှုံးရသည့် အပြင် သာသနိက အဆောက်အဦးများပါ ဖျက်ဆီးခံရသည့်အတွက် သံဃာတော် များနှင့် ဒေသခံပြည် သူများက စီမံကိန်း ရပ်တန့်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေကြသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည့် သံဃာများနှင့်ပြည်သူများကို လုံခြံုရေးတပ်ဖွဲ့ဝင်များက အင်အား အလွန်အကျွံ သုံးပြီး နိုဝင်ဘာလ ၂၉ ရက်နေ့အာရုံတက်ချိန်အကြမ်းဖက်ဖြိုခွင်းရာတွင် မီးလောင်စေ သည့် ဓါတုလက်နက်များ ဟု အများက ယူဆနေသော လက်နက် တမျိုးကို သုံးစွဲ ဖြိုခွင်းခဲ့သည့် အတွက် သံဃာတော် အများအပြားမှာ  ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည့်အတွက် ဆေးကုသမှု ခံယူနေကြရသည်။

ယခုကဲ့သို့ အကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်အပါအဝင် မြို့ကြီးတချို့တွင် သံဃာ တော်များက ငြိမ်းချမ်းစွာဆန္ဒပြ ကန့်ကွက်နေကြပြီး အဖွဲ့အစည်းအသီးသီးမှလည်း ကြေငြာချက်ထုတ်ကာ အာဏာပိုင်များ၏ လုပ်ရပ်ကို ရှုတ်ချနေကြသည်။

အာဏာပိုင်များမှ ယခုကဲ့သို့ အကြမ်းဖက်ဖြိုခွင်းမှုကိုု ရှုတ်ချသည့်ဆန္ဒပြမှုများ မြန်မာနိုင်ငံအနှံ့ အပြားတွင် ပေါ်ထွက်လာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဖွဲ့ဝင် ၃၀ ပါ စုံစမ်းစစ်ဆေးရေး ကော်မီတီတစ်ခုကို သမတဦးသိန်းစိန်က ဒီဇင်ဘာလ ၁ ရက်နေ့က  ဖွဲ့ပေးလိုက်ပြီး ဒီဇင်ဘာလ ၃၁ ရက်တွင် ကော်မီတီ၏ တွေ့ရှိချက်များကို သမတထံသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

Most read this week