လက်ပန်းတောင် ကြေးနီ စီမံကိန်းရှိ သပိတ် စခန်း များကို အစိုးရ အာဏာပိုင်များမှ အင်အားသုံး ဖြိုခွင်း ခဲ့ခြင်းအပေါ် မကျေနပ်၍ ရန်ကုန်မြို့ပေါ်၌ ယခုရက်ပိုင်း အတွင်း ဆန္ဒပြပွဲများ ထပ်မံ ဖြစ်ပွားခဲ့ရာ လူပုဂ္ဂိုလ်များ အပါအဝင် သံဃာတော် များလည်း ဖမ်းဆီးခံရကြောင်း သိရသည်။
ဒီဇင်ဘာလ ၂ ရက်နေ့က ချီတက်ဆန္ဒပြ နေသူများအနက် ကိုမိုဃ်းသွေး နှင့် ကိုအောင်စိုးတို့ နှစ်ဦးအား ရွှေဂုံတိုင် ဗန်ဒါပင် မှတ်တိုင်တွင် လုံခြံုရေး ရဲများက ဝင်ရောက် ဖမ်းဆီး သွားခဲ့ပြီး ပုဒ်မ ၃၉/၁၂ ၊ ၅၀၅ (ခ) ၊ ၅၀၀ ၊ ၃၇၃/ ၁၂ တို့ဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း အာဏာပိုင် များကဆိုသည်။
အလားတူ ဒီဇင်ဘာလ (၁) ရက်နေ့က မြေနီကုန်းမှ စတင်ကာ တရုတ် သံရုံးသို့ သွားရောက် ဆန္ဒပြ ခဲ့ကြသည့် သံဃာတော် အပါး (၂၀) ခန့်အား ဖမ်းဆီး ထိန်းသိမ်း လိုက်ပြီး ကားဖြင့် တင်ဆောင်ကာ ကမ္ဘာအေးသို့ ပို့ဆောင်ခဲ့သည်ဟု အမည် မဖော်လိုသည့် ဆန္ဒပြ ခေါင်းဆောင် တစ်ဦးက ဆိုသည်။
“အပါး ၂၀ လောက် ရှိပါတယ်၊ သူတို့က ဆန္ဒပြဖို့ အလာမှာ လမ်းမှာ ဖြတ်ဖမ်း ပြီး အချုပ်ကားနဲ့ တင်သွားပြီး ကမ္ဘာအေးထဲ ကို ပို့လိုက်တာ၊ လမ်းကြောင်း ပြောင်းလိုက်တဲ့ သဘောပေါ့၊ ကမ္ဘာအေးကို ပို့လိုက်တယ် ဆိုတာက သံဃာ့ မဟာနာယက ဆရာတော် တွေဆီကို အပ်လိုက်တယ် ဆိုတဲ့ သဘောပေါ့၊ အဲဒီ နောက်ထပ်တော့ ဘာသံမှ မကြားရ သေးဘူး” ဟု အမည် မဖော် လိုသည့် ဆန္ဒပြ ခေါင်းဆောင် တစ်ဦးက ပြောဆိုသည်။
ထို့အပြင် ဆန္ဒပြပွဲကို ဦးဆောင် ဦးရွက် ပြုသူ များအား စစ်ဆေး မေးမြန်းရန် နယ်မြေခံ ရဲစခန်း များက ဆင့်ခေါ် စာများပေးပို့ထားကြောင်း သိရသည်။
ဆန္ဒပြပွဲ စီစဉ် သူများက လောလောဆယ် လှုပ်ရှာမှုများ ခေတ္တရပ်ဆိုင်းကာ စနစ်တကျ ပြန်လည် ပြင်ဆင်၍ ထပ်မံဆန္ဒပြ သွားရန် စီစဉ်ထားပြီး အခြေအနေကို အကဲခတ်နေဆဲ ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။ အထူးသဖြင့် ဦးပိုင် ကုမ္ပဏီနှင့် တရုတ် သံရုံးတို့မှ တုံ့ပြန်ချက်များကို စောင့်ကြည့် နေသည်ဟုလည်း ဆိုသည်။
“မန္တလေးနဲ့ သံပြိုင် ဆင်တာ ဒါပေမယ့် ရန်ကုန် မြေလေ၊ ကျွှန်တော်တို့ ပထမ ဆုံး ခြေလှမ်းက ဦးပိုင်ဆီ ရောက်တယ်၊ နောက်တစ်ရက်က မြေနီကုန်း ပွဲတုန်း ကလည်း ကျွှန်တော်တို့ တရုတ် သံရုံးကို ရောက်အောင် ချီတက် နိုင်ခဲ့တယ်။ နောက်ထပ်လည်း သံရုံးနဲ့ ဦးပိုင်ကို အင်အားနဲ့ ထပ်ချဖို့ ရှိတယ်။ ဟိုနေ့က ရုံးပိတ် နေလို့ ရုံးဖွင့် တဲ့နေ့ တစ်ရက်ရက်မှာ ထပ်ပြဖို့ ရှိပါတယ်” ဟု ဆန္ဒပြပွဲ ခေါင်းဆောင် တစ်ဦးက ဆိုသည်။
လက်ပံတန်းတောင် ကြေးနီစီမံကိန်းကိစ္စ စုံစမ်းစစ်ဆေးနိုင်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ဒီဇင်ဘာလ (၁) ရက်နေ့က အမိန့် အမှတ် ၉၂/၂၀၁၂ ဖြင့် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ယင်းအဖွဲ့အား ဒေါ်အောင်ဆန်း စုကြည်မှ ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ရန်နှင့် အဖွဲ့ဝင် (၃၀) ဖြင့် ဖွဲ့စည်းခဲ့သည်။
ယင်းအဖွဲ့တွင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ကော်မရှင်မှ ပုဂ္ဂိုလ်များအပါအဝင် (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် (၂) ဦးဖြစ်သည့် မင်းကိုနိုင်နှင့် ကိုကိုကြီးတို့အား ထည့်သွင်းထားသည်။ သို့သော် (၈၈) မျိုးဆက်ကျောင်းသားများက ပါ၀င်လိုသည့် ဆန္ဒမရှိဟု ငြင်းဆိုခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါ စစ်ဆေးရေး ကော်မတီအား ပြန်လည် ပြင်ဆင်ဖွဲ့စည်းသည့် ကြေညာချက် တစောင်အား ဒီဇင်ဘာလ (၃) ရက်နေ့က သမ္မတရုံးမှ ထုတ်ပြန်လိုက်ရာ လူဦးရေ ထက်ဝက်ခန့် လျော့ကျသွားကြောင်း သိရသည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဧရိယာ အတွင်းရှိ သပိတ်စခန်း များအား အစိုးရ အာဏာပိုင် များက နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီ အချိန့်က အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းကြောင့် သံဃာတော်များ အပါအဝင် ဆန္ဒပြသူ အများ အပြား ဒဏ်ရာရရှိ၍ မုံရွာဆေးရုံနှင့် နီးစပ်ရာ ဆေးရုံများတွင် ဆေးဝါး ကုသမှု ခံယူလျက်ရှိပြီး အများစုမှာ မီးလောင် ဒဏ်ရာများ ဖြစ်သည်။