ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၁၂ ဦးကို မြန်မာမှ တရားဝင် လွှဲပြောင်း

ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၁၂ ဦးကို မြန်မာမှ တရားဝင် လွှဲပြောင်း
by -
နိရဥ္စရာ

ဖမ်းဆီးခံထားရသော ဘင်္ဂလာဒေ့ချ်နိုင်ငံသား ၁၂ ဦးကို မြန်မာက ဘင်္ဂလာဒေချ့်သို့ ယမန်နေ့က တရားဝင် လွှဲပြောင်း ပေးအပ်လိုက်သည်ဟု သိရသည်။

မောင်တောမြို့ ဒေဝါနဒီ ခန်းမတွင်ပြု လုပ်ခဲ့သည့် နှစ်ဘက် နယ်ခြားစောင့် တပ်ဖွဲ့၏  ဆွေးနွေးပွဲ အပြီးတွင် ထိုသူများကို ဘင်္ဂလာဘက်သို့ လွဲပြောင်းပေး လိုက်သည်ဟု ဆိုသည်။

ဆွေးနွေးပွဲအား နံနက် ၁၀ နာရီက စတင်ကာ နေ့လည် ၁၂ နာရီအထိ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးပွဲသို့ ဘင်္ဂလာဘက်ကမှ တက်ကနက်အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ နယ်ခြားစောင့်တပ်မှ အရာရှိ ကာမ်ရူလ် ဟာဆန်း ဦးဆောင်သည့် အဖွဲ့တက်ရောက်ခဲ့ပြီး  မြန်မာဘက်မှ လူဝင်မှုကြီးကြပ်ရေးဌာနအ ရာရှိ ဦးစိန် ဦးဆောင်သည့် အဖွဲ့တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် အကျဉ်းသားများ အပြောင်းအလွဲ လုပ်ရေး၊ မူးယစ်ဆေးဝါးနှင့် တရားဝင်နယ်စပ် ဖြတ်ကျော် သည့် ကိစ္စများကို အရေးယူဆောင်ရွက်ရေး၊ နယ်စပ် လုံခြံုရေး စသည့် အချက်များကို ဦးစားပေး ဆွေးနွေး ခဲ့ကြသည်ဟု ဆိုသည်။

ယခု မြန်မာဘက်မှ လွှဲပြောင်း ပေးလိုက်သည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၁၂ ဦးမှာ သြဂတ်စ်လ ၂၆ ရက်နေ့ က နတ်မြစ်အတွင်း ငါးဖမ်းနေစဉ် မြန်မာ နစကတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူများဖြစ်ကြောင်း ဘင်္ဂလီ သတင်းစာ တစ်ခု၏ သတင်းတပုဒ်တွင် ဖော်ပြသည်။

သူတို့မှာ တက်ကနက်မြို့နယ် ကူတူဒီယာ ကျေးရွာမှ ဖြစ်ကြပြီး  ယခုအခါ ရဲစခန်းတွင် ထိမ်းသိမ်းထားပြီး မိသားစုများထံပို့ပေးရန် စီစဉ်နေ ကြောင်း သိရသည်။

၂၀၀၉-ခုနှစ်မှ ၂၀၁၂ ခုအထိ မြန်မာဘက်တွင် ဖမ်းဆီးခံထားရသည့် ဘင်္ဂလာဒေ့ချ်နိုင်ငံသား ၂၄၄ ဦး ရှိသည်ဟု သိရသည်။

အဆိုပါ အကျဉ်းသားများကို ဘင်္ဂလာဘက်ကို လွှဲပြောင်းရန် လွန်ခဲ့သည့် သြဂတ်စ်လ ၂၆ ရက်နှင့် နိုဝင်ဘာ ၁၄ ရက်နေ့က တစ်ကြိမ်ကျစီ  မြန်မာဘက်မှ ဘင်္ဂလာနယ်ခြားစောင့်တပ်ကို အကြောင်းကြား ခဲ့ကြောင်း သိရသည်။ သို့သော် ယခုအချိန်ထိ လွှဲပြောင်းနိုင်ခြင်း မရှိသေးကြောင်း ဆိုသည်။

Most read this week