နယ်စပ်ကုန်သွယ်ရေးမှ ၀င်ငွေ ဘင်္ဂလာက လစဉ် ကျေညာ၊ မြန်မာဘက်က တစ်ကြိမ်တစ်ခါမျှ ကျေညာခြင်း မရှိ

နယ်စပ်ကုန်သွယ်ရေးမှ ၀င်ငွေ ဘင်္ဂလာက လစဉ် ကျေညာ၊ မြန်မာဘက်က တစ်ကြိမ်တစ်ခါမျှ ကျေညာခြင်း မရှိ
by -
နိရဥ္စရာ

မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်း ဘင်္ဂလာဒေချ့် အကောက်ခွန်ဌာနဟာ မြန်မာနဲ့ ပြုလုပ်နေတဲ့ နယ်စပ် ကုန်သွယ်ရေးကနေ ရရှိတဲ့ အကောက်ခွန်ငွေကို လစဉ် စာရင်း အတိအကျ ပြုလုပ်ပြီး ထုတ်ပြန်ကျေညာ ပေမယ့် မြန်မာနိုင်ငံဘက်ကတော့ တစ်ကြိမ် တစ်ခါမှ ခုလို ထုတ်ပြန် ကျေညာတာ မရှိဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်းကူးပြောင်းရေးနဲ့  ပြုပြင်ပြောင်းလဲရေးကို ဦးတည်သွားနေတဲဲ့ ဆိုပေမယ့် အခုအချိန်ထိ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေ မြင်သာထင်သာရှိအောင် လုပ်ကိုင်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

“ဘင်္ဂလာဒေချ့်ဘက်က မြန်မာနဲ့ ကုန်သွယ်တဲ့ နေရာက ရရှိတဲ့ အကောက်တော်ခွန်ကို လစဉ် ထုတ်ပြန် ကျေညာပါတယ်။ ကျွန်တော်တို့ နိုင်ငံကတော့ ဒီလို တစ်ခါမှ ကျေညာတာကို မတွေ့ရဘူး။ ဘင်္ဂလာနဲ့ ကုန်သွယ်တဲ့ နေရာမှာ မြန်ဘက်က မြတ်သလား၊ ရှံုးသလားဆိုတာကို လည်း ကျွန်တော်တို့ ပြည်သူတွေ တစ်ယောက်မှ သိရှိခွင့်မရသေးပါဘူး” လို့  နယ်စပ် ဘောင်တော် ဆိပ်ကမ်းမှာ  စီးပွားရေး လုပ်နေသူ မန်နေဂျာ ဦးမောင်ခင်နုက ပြောပါတယ်။

ဘင်္ဂလာဒေချ့် နိုင်ငံဟာ  မြန်မာနှင့် ကုန်သွယ်တဲ့ နေရာမှာ တက်ကနက်မြို့ နယ်စပ် ဘောင်တော် ဆိပ်ကမ်း ကနေ  ၂၀၁၂ ခုနှစ် နိုဝင်္ဘာလ တစ်လတည်း အတွင်းမှာ အကောက်ခွန်ငွေ အမေရိကန် ဒေါ်လာ (၇ ဒဿမ ၈) သိန်းကျော်နဲ့ ညီမျှတဲ့ ဘင်္ဂလာ တာကာ ၆၂၄၂၂၅၉၈ ရရှိခဲ့တယ်လို့ ဘင်္ဂလာဒေချ့် အာဏာပိုင်များက လကုန်တာနဲ့ ချက်ချင်း ထုတ်ဖေါ် ကျေညာလိုက်ပါတယ်။

အခု ရရှိတဲ့ ပမာဏဟာ လစဉ် ပျှမ်းမျှ ၀င်နေတဲ့ ၀င်ငွေထက် ၆၃ သိန်းကျော် ပိုများတယ်လို့ ဆိုပါတယ်။ မြန်မာနဲ့ ဘင်္ဂလာဒေချ့်နိုင်ငံ အကြား လစဉ် ဘင်္ဂလာဒေချ့်က ရရှိနေတဲ့ ၀င်ငွေဟာ တာကာ ၅၆၁၀၀၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

ဇွန်လက စပြီး ရခိုင် ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်ရေး ပုံမှန် မလည်ပတ်နိုင်ဘဲ ရှိနေရာကနေ နိုဝင်္ဘာလမှာ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည် ဖွင့်လှစ်လိုက်တာနဲ့ ပို့ကုန်နဲ့ သွင်းကုန်တွေ တိုးပွား လာရာကနေ ခုလို အကောက်တော်ငွေ အမြတ်အစွန်းတွေ ရရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာဘက်ကတော့ လုံချည်၊ ထဘီ၊ သနပ်ခါး၊ ဇီးတော်ဖီ၊ ၀ါး၊ ကြိမ်တွေ၊ မကျည်းသီး စတဲ့ ပစ္စည်းတွေကို နတ်မြစ်ကို ဖြတ်ကျော်ပြီး မောင်တောကနေ ဒီဘင်္ဂလာကို ၀င်ပါတယ်။ ပင်လယ်ပတ်ဆိုရင်တော့ သစ်၊ ငါး၊ ဆန်၊ ကျွဲနွားနဲ့ ငါးခြောက်တွေ နယ်စပ်ကုန်သွယ်ရေးက ၀င်တယ်” လို့ ဦးမောင်ခင်နု ပြောပါတယ်။

မြန်မာဘက်ကို ဘင်္ဂလာဒေချ့်ကနေ တီရှပ်တွေ၊ ဆေးဝါးတွေ၊ အထည်စတွေ၊ မြေဆီ၊ အိမ်ဆောက်သံတွေ၊ သွပ်မိုးပြားတွေ၊ ဘိလပ်မြေတွေ၊ လိပ်ခွံတွေ၊ သွပ်အိုး သွပ်ခွက်တွေ တင်ပို့နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကနေ မော်တော်ဘုတ်ကြီးတွေနဲ့ ဘင်္ဂလားဒေ့ချ်သို့ စုစုပေါင်း ကုန်ပစ္စည်း ၁၀၆ ခေါက် တင်ပို့ခဲ့ပြီး ဘင်္ဂလားဒေ့ချ် မှမြန်မာသို့ စုစုပေါင်း ကုန်ပစ္စည်း ၃၈ ခေါက်တင်ပို့ နိုင်ခဲ့တယ်လို့လည်း အကောက်ခွန်မင်းကြီးက ဒေသခံ သတင်းသမားတွေကို ထုတ်ဖေါ် ပြောဆိုပါတယ်။

မြန်မာနဲ့ ဘင်္ဂလာဒေချ့် ကုန်သွယ်ရာမှာ  ၂၀၁၀- ၂၀၁၁ ခု ဘဏ္ဍာရေးနှစ်မှာ ဘင်္ဂလာဘက်မှ ပို့ကုန် ပမာဏဟာ  အမေရိ ကန် ဒေါ်လာ ၉ ဒဿမ ၆၅ သန်းဖိုး ရှိပြီး မြန်မာက သွင်းကုန် ပမာဏဟာ အမေရိကန် ၁၇၅ ဒဿမ ရ၂ သန်းဖိုးရှိတယ်လို့ ပြောပါတယ်။ ဒီပမာဏဟာ ဘင်္ဂလာဒေချ့်ဘက်က တွက်ချက် ဖေါ်ပြတာ ဖြစ်ပြီး မြန်မာဘက်ကတော့ ခုလို ဖေါ်ပြတာမျိုး တကြိမ် တစ်ခါမှ မရှိဘူးလို့ ဆိုပါတယ်။

Most read this week