စုံစမ်းရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်း၊ ဦးရေနှင့် တာဝန် လျှော့ချလိုက်

စုံစမ်းရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်း၊ ဦးရေနှင့် တာဝန် လျှော့ချလိုက်
by -
မဇ္စျိမ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင်ဦးရေ ထက်ဝက် ခန့် လျှော့ချကာ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးမှ ဒီဇင်္ဘာလ ၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက် သည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆက်လက်ပါဝင်နေသော်လည်း စနေနေ့က ဖွဲ့စည်းပေးလိုက်သည့် အဖွဲ့ဝင် ၃ဝ ပါ မူလကော်မရှင်မှ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီ ကိုယ်စားပြုသူများအပြင် လူ့အခွင့်အရေးကော်မရှင် မှ ဦးစစ်မြိုင် နှင့် အခြားသူအချို့လည်း ပါဝင်ခြင်း မရှိတော့ဘဲ ၁၆ ဦးဖြင့်သာ ပြင်ဆင်ဖွဲ့စည်းလိုက်ဖြစ် ဖြစ်သည်။

ထို့အပြင် ကော်မရှင်၏ လုပ်ငန်းတာဝန်များကိုလည်း လျှော့ချပစ်လိုက်သည်။ မူလဖွဲ့စည်းစဉ်က တာဝန်များဖြစ်သော “ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/မသင့် နှင့် ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေအမှန် ဖော်ထုတ်နိုင်ရန်” အစား “ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/မသင့် အတွက်” ဟု ပါရှိသည်။

လက်ပံတောင်းတောင် အရေးကိစ္စနှင့် ပတ်သက်၍ သမ္မတရုံး၏ ထုတ်ပြန်ချက်များမှာ မကြာခဏဆိုသလို အလျှင်အမြန် ပြောင်းလဲမှုများ၊ ပြင်ဆင် ဖျက်သိမ်းမှုများ ရှိနေသည်။

လက်ပံတောင်း သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းလိုက်သည့် နိုဝင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက် ၁၁/၂ဝ၁၂ ကို ထိုနေ့တွင်ပင် ဖျက်သိမ်းကြောင်း ကြေညာခဲ့သလို စနေနေ့က ဖွဲ့စည်းပေးလိုက် သည့် စုံစမ်းရေးကော်မရှင်ကိုလည်း တနင်္လာနေ့တွင် အဖွဲ့ဝင် ဦးရေနှင့် လုပ်ပိုင်ခွင့်ကို လျှော့ချ၍ ပြင်ဆင်ဖွဲ့စည်းလိုက် ရပြန်သည်။

Most read this week