အိန္ဒိယမှ ပလက်ဝ ဆိပ်ကမ်း စီမံကိန်းကို စတင်

အိန္ဒိယမှ ပလက်ဝ ဆိပ်ကမ်း စီမံကိန်းကို စတင်
by -
နိရဥ္စရာ

ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါ၀င်သည့် ပလက်ဝ ဆိပ်ကမ်းကို ယခုအခါ အိန္ဒိယ ၀န်ထမ်များမှ  စတင် အကောင်အထည်ဖေါ် တည်ဆောက်နေပြီ ဖြစ်သည်။

“ စုစုပေါင်း အိန္ဒိယ နိုင်ငံသား ၁၀ ယောက်က စက်ကရိယာတွေကို အသုံုးပြုပြီး မြေနေရာတွေကို စတင် ရှင်းလင်းနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပလက်ဝမြို့က ကုလားတန်မြစ် အနောက်ဘက်ကမ်း တည်ရှိ ပါတယ်။  အခု ဆိပ်ကမ်း တည်ဆောက်ရေး အတွက် မြေနေရာ ရှင်းလင်းနေတာ က အရှေ့ဘက် ကမ်းမှာ ဖြစ်ပါတယ်” ဟု ပလက်ဝ ဒေသခံ ရခိုင်အမျိုးသား တစ်ဦးက ပြောသည်။

ဆိပ်ကမ်း တည်ဆောက်မည့်နေရာကို မြေတူးစက်ကြီး တစ်စီး၊ ဘော်ဒူဇာ bulldozer တစ်စီ၊း ကရိန်း တစ်စီးဖြင့် တောင်များကို ဖြိုချကာ လုပ်ကိုင်နေပြီဟု ဆိုသည်။

“ အခု အဲဒီ ဆိပ်ကမ်းနေရာ အတွက် မြေ(၁၀) ဧကကို အစိုးရက ပေးထားတယ်လို့သိရပါတယ်။ ကြိုးဝိုင်းသစ်တောထဲက မြေတွေပါ။ လက်ရှိ အချိန်ထိတော့ ဒေသခံတွေရဲ့ လယ်တွေ မပါ၀င်သေးပါဘူး” ဟု ဆိုသည်။

အိန္ဒိယ နိုင်ငံသားများသည် ပလက်ဝ မြို့ပေါ်တွင် အိမ် (၂) ဆောင်အား ဌားရမ်း နေထိုင်နေကြသည်ဟု ဆိုသည်။

၎င်းအပြင် ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ၁၂၉ ကီလိုမီတာ ရှည်လျားသော အဝေးပြေး ကား လမ်းကိုလည်း အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ အိန္ဒိယ ဘက်ခြမ်းတွင် ဖေါက်လုပ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မြန်မာဘက်က လမ်းကိုလည်း ကျောက်တော်မြို့နယ် မဟာမုနိမှ ဖေါက်ယူလာရာ ပလက်ဝ မြို့အနီး ရောက်ရှိနေပြီဟု ဒေသခံက ပြောသည်။

ယခုကဲ့သို့ ပလက်ဝတွင် ဆိပ်ကမ်း တည်ဆောက်နေသဖြင့် ဒေသအတွင်း ဖွံ့ဖြိုး တိုးတက်လာမည်ဟု ဒေသခံပြည်သူများက မျှော်လင့်နေကြသည်ဟု ဆိုသည်။

ဤစီမံကိန်းသည် စစ်တွေ ဆိပ်ကမ်းကို အသုံးပြုပြီး  ပလက်ဝမြို့ထိ ကုလားတန်မြစ်ကြောင်း အတိုင်း ကုန်စည်များကို သင်္ဘောများဖြင့် သယ်ယူ ပို့ဆောင်မည်ဖြစ်သည်။  ပလက်ဝမှ တစ်ဆင့် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်ထိ အဝေးပြေး လမ်းမကြီး တစ်ခု ဖေါက်လုပ်ကာ ကုန်ပစ္စည်းများ တင်ပို့မည့် စီမံကိန်း ဖြစ်သည်။

စစ်တွေမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ကုလားတန် မြစ်ကြောင်း ဘက်စုံ စီမံကိန်း အပေါ် သူ့အမြင်ကို နိရဥ္စရာသို့  ယခုလို ပြောသည်။

“ ကုလားတန်မြစ်ကြောင်း စီမံကိန်းက လူဦးရေ သန်း ၁၀၀ နီးပါးရှိတဲ့ အိန္ဒိယရဲ့ အ ရှေ့ဖက်ခြမ်းနဲ့ ရခိုင်ပြည် စစ်တွေမြို့ အကြား ဆက်သွယ် ပေးမယ့် ကူးသန်းရောင်းဝယ်ရေး ဇုံလို ဖြစ်လာမယ်ဆိုတော့  ရေရှည်မှာ အကျိုးရှိသွားနိုင်တဲ့  အတိုင်းအတာကြီးမားတဲ့ စီမံကိန်း တစ်ခုလို့  မြင်ပါတယ်” ဟု ဆိုသည်။

သို့သော် ကုလားတန် မြစ်ကြောင်း စီမံကိန်းတွင်  မြစ်ကြောင်းကို တူးဖေါ်ရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီး ထိခိုက်နစ်နာမူများ ရှိနိုင်သဖြင့် အထူး သတိထားပြီး လုပ်ဆောင်ရန် လိုကြောင်း သူက ပြောသည်။

“ ပြည်သူ လူထုတွေရဲ့ လိုလားချက်ဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင် မပျက်စီးရအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ သဘာဝ ပတ်ဝန်းကျင် ကဏ္ဍကို ဂရုမစိုက်၊ အသံကိုလည်း လုံးဝ နားမထောင် ဆိုလို့ရှိရင် ဒီစီမံကိန်းဟာ ရခိုင်ပြည်နယ် အတွက် ကောင်းကျိုးထက် ဆိုးကျိုးများ နိုင်ပါတယ်”  ဟု ဆိုသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများက လူထုဆွေးနွေးပွဲများ ပြုလုပ်ပြီး ချပြခဲ့သော်လည်း စီမံကိန်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမူများ မရှိသည့်အတွက် ပြည်သူများကြားတွင် မကျေနပ်မူများ ရှိနေသည်ဟုလည်း ဦးအောင်မြကျော်က ပြောသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါ၀င်သည့် စစ်တွေဆိပ်ကမ်းကို အိန္ဒိယနိုင်ငံ Essar က ၂၀၁၃ ခုနှစ်တွင် အပြီးသတ်အိန္ဒိယရူပီ ၁၁ ဒဿမ ၂၅ ဘီလီယံအကုန်ကျခံ တည်ဆောက်နေသည်။

ကုလားတန် မြစ်ကြောင်း ဘက်စုံဖွံဖြိုးရေးစီမံကိန်းကို ၂၀၁၀ ခုနှစ် စက်တင်္ဘာလက စတင် အကောင်အထည် ဖေါ် လုပ်ဆောင်လာခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ပြီးစီးရန် လျာတားထားသည်ဟု သိရသည်။

Most read this week