ကျောက်ဖြူ ရခိုင်အိမ်ထောင်စု (၆၅) စု အိမ်ပြန် ဆောက်ခွင့်မရ

ကျောက်ဖြူ ရခိုင်အိမ်ထောင်စု (၆၅) စု အိမ်ပြန် ဆောက်ခွင့်မရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အောက်တိုဘာလအတွင်းက  ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ အိမ်များ မီးရှို့ခံလိုက်ရသဖြင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရသော ရခိုင်မိသားစု (၆၅) စု၏ နေအိမ်များ ပြန်လည် ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာမှ တားမြစ်ပိတ်ပင်ထားသည်ဟု သိရသည်။

“ အခု သူတို့နေတာက ကညင်တော သံဖြူကျောင်းမှာ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းမှာ ခိုလုံနေရတဲ့ အတွက် အထူး အခက်အခဲ ဖြစ်နေကြရပါတယ်။ သူတို့ယခင်နေခဲ့တဲ့ နေရာတွေမှာ အိမ်ပြန်လည် ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာက တားမြစ်ထားပါတယ်” ဟု ကယ်ဆယ်ရေး လုပ်နေသူ ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ကြသော မိသားစု (၆၅) စုမှာ ကျောက်ဖြူ အနောက်ပိုင်း ပိုက်ဆိပ် ရပ်ကွက်နှင့် အရှေ့ပိုင်း ပိုက်ဆိပ်ရပ်ကွက်မှ ဖြစ်ကြပြီး အောက်တိုဘာလက ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် သူတို့ နေအိမ်များ အားလုံး မီးရှို့ခံခဲ့ရသည်။

အဆိုပါ ရပ်ကွက် (၂) ခုတွင် ရခိုင်နေအိမ် ၆၅ လုံးမီးရှို့ခံခဲ့ရပြီး ၃၃ လုံးကိုမူ မီးကူးမည်ကို စိုးရိမ်သဖြင့် ဖြိုဖျက်ပစ်ခဲ့ရသည်ဟု ဆိုသည်။

“ အခု အခင်းဖြစ်ပွားတာက တစ်လကျော်နေပြီ။ သူတို့အိမ် မီးလောင်ပျက်စီးသွားတဲ့နောက်ပိုင်းမှာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလုံနေကြရတယ်။ ကိုယ်အိုး ကိုယ်အိမ်နဲ့ အတည်တကျ နေထိုင်ခဲ့တဲ့ မိသားစုတွေ ဆိုတော့ သူတို့အိမ်တွေကို သူတို့ ပြန်ဆောက်ပြီး နေချင်နေကြတယ်။ ပီးတော့ ဘုန်းတော်ကြီး ကျောင်းဆိုတော အမျိုးသမီးတွေနဲ့  သိပ်မဟပ်စပ်ဘူး။ ဒါပေမယ့် သက်ဆိုင်ရာက အိမ်တွေ ဆောက်လုပ်ခွင့် မပေးဘဲ တားမြစ်ထားတယ်။ တခြားနေရာ တစ်ခုခုမှာလည်း နေရာချပေးတာမျိုး မရှိသေးပါဘူး” ဟု ဆိုသည်။

သံဖြူကျောင်းတွင် ခိုလုံနေသော မိသားစု (၆၅) စုတွင် လူပေါင်း ၂၀၀ ကျော်ရှိပြီး သူတို့၏ စားရေး သောက်ရေးကိုလည်း မြို့ပေါ် လူမူ ကယ်ဆယ်ရေး အဖွဲ့မှ စီစဉ် ဆောင်ရွက်နေရသည်ဟု ဆိုသည်။

“ ယူအန်၊ ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့ ဘယ်အဖွဲ့မှ ကူညီ လာပေးတာ မရှိသေးဘူး။ ဟိုတလောကတော့ နေပြည်တော်က လူကြီးတွေနဲ့ ပြည်နယ် ၀န်ကြီးချုပ် ရောက်လာတော့ အဲဒီအခါ နည်းနည်း ဆန်အိတ်တွေ လှူဒါန်းကူညီခဲ့တာတော့ ရှိပါတယ်။ အခုကတော့ မြို့ပေါ်က ဒေသခံတွေရဲ့ အကူအညီတွေနဲ့ဘဲ ဖြေရှင်းနေရပါတယ်” ဟု ဆိုသည်။

အိုးမဲ့အိမ်မဲ့ ဖြစ်နေကြသော ရခိုင် မိသားစုများ အနေဖြင့် ဒုက္ခသည်များ အဖြစ် ခိုလုံနေထိုင်ရန် ဆန္ဒ မရှိကြဘဲ သူတို့၏ နေအိမ်များကို ပြန်လည် ဆောက်လုပ်ကာ နေထိုင်ရန် ဆန္ဒအာသီသ ပြင်းပြနေကြသည်ဟု သိရသည်။

Most read this week