တိုက်ပွဲ ဆက် ဖြစ်နေမှု RCSS ဘက်က လှုပ်ရှားမှု လျော့ချရန် ဦးအောင်မင်း ပြောဆို

တိုက်ပွဲ ဆက် ဖြစ်နေမှု RCSS ဘက်က လှုပ်ရှားမှု လျော့ချရန် ဦးအောင်မင်း ပြောဆို
by -
ရွှေဟင်္သာ

အစိုးရတပ်ဖွဲ့များနှင့် ဒေသတွင်းတိုက်ပွဲဖြစ်ပွားမှုများ ပြေလျော့စေရန် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA) တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှု တဝက်ခန့်ကို လျှော့ချရန် လိုအပ်ကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြောသည်။

နိုဝင်ဘာ (၂၆) ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် RCSS ကိုယ်စားလှယ် အဖွဲ့နှင့် ဦးအောင်မင်းတို့ တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု RCSS ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

RCSS meeting in tachilike

“ဦးအောင်မင်း ပြောတာကတော့ ဒီကိစ္စမှာ ကျနော်တို့ ဖက်ကလည်း ချို့ယွင်းချက် ရှိပါတယ်။ အားလုံး မှန်တယ်လို့ မဆိုလိုပါဘူး။ တဖက်နဲ့ တဖက် ပစ်ခတ်မှုတွေ မဖြစ်စေလိုရင်တော့ ခင်ဗျားတို့ရဲ့ စစ်ရေး လှုပ်ရှားမှုကို တဝက်လောက် လျှော့ချလိုက်မယ် ဆိုရင် ပြေလည် ပါလိမ့်မယ်” ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။  

RCSS နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲရေး သဘောတူထားသော်လည်း ယနေ့အထိ တိုက်ပွဲပေါင်း အကြိမ် (၃၀) ထက်မနဲ ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၄) ရက်နေ့က ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင် မိုင်းဆတ်မြို့နယ်၊ မိုင်းတုန်ကျေးရွာ၌ (၃) နာရီခန့် ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး RCSS ဖက်က အရာရှိတဦး ကျဆုံး၍ တပ်သားတဦး ဒါဏ်ရာ ရရှိခဲ့သည်။

မိုင်းဆတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၄ လက်အောက်ခံ ခြေလျင်တပ်ရင်း ခမရ (၅၅၃)၊ ခမရ (၅၅၄) တပ်ဖွဲ့နှင့် RCSS/ SSA လက်အောက်ခံ အမှတ်(၁) ကျိုင်းတုံစစ်ဒေသ တပ်ဖွဲ့နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အစိုးရ တပ်ဖွဲ့များက RCSS အဖွဲ့ကို အကြောင်းမကြားဘဲ လှုပ်ရှားနေသည့် အတွက် ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားရကြောင်းနှင့် တဘက်နှင့် တဘက် အကြောင်းကြားပြီး လှုပ်ရှားပါက ပြဿနာ ဖြစ်လာစရာ မရှိကြောင်း RCSS ဖက်က ဆိုသည်။

ယခုကဲ့သို့ ဒေသတွင်း တိုက်ပွဲဖြစ်ပွားနေမှုများအား ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့နှင့် တွေ့ဆုံ သည့်အခါ တရားဝင် ဖြေရှင်းကြရန် ဦးအောင်မင်းက အဆိုပြုခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်နေ့က RCSS မှ ဗိုလ်မှူးချုပ် ပေါင်ခေး ဦးဆောင်သည့် အဖွဲ့နှင့်  UNODC အဖွဲ့ အပါအဝင် အစိုးရ မူးရစ်ဆေးဝါး ဗဟိုမှ ရဲမှူးကြီး မြင့်အောင်တို့ တာချီလိတ်မြို့၌ ဆွေးနွေး ခဲ့သော်လည်း စစ်ရေး လှုပ်ရှားမှုကိစ္စ သဘောတူညီမှု မရရှိခဲ့ကြောင်း သိရသည်။