အစိုးရ အာဏာပိုင် များက ကြေးနီတောင် သပိတ် စခန်းကို အကြမ်းဖက် ဖြိုခွင်းလိုက်သည့် အပေါ် ပြည်တွင်း ပြည်ပ အင်အားစု များက ဆက်လက် ဆန္ဒပြ နေကြသည်။
ယခုလုပ်ရပ်အပေါ် မကျေနပ်သည့် ရဟန်းရှင်လူ ပြည်သူများ ထိုင်းနိုင်ငံ ဗန်ကောက် မြို့ရှိ မြန်မာ သံရုံးရှေ့၌ လည်းကောင်း၊ ဂျပန် နိုင်ငံ တိုကျို မြို့ရှိ မြန်မာ သံရုံး၌ လည်ကောင်း၊ ရန်ကုန်မြို့နှင့် မန္တလေး မြို့များတွင် လည်းကောင်း၊ ဆန္ဒပြပြွများ ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့ ဆူးလေ စေတီ၌ ဒဏ်ရာ ရခဲ့သည့် သံဃာတော် များ၏ ပိုစတာများကို ကိုင်ဆောင်ကာ ဆူးလေ ဘုရား ရင်ပြင်တော်ပေါ် တစ်ပတ်ပတ်ပြီး မဟာဗန္ဓုလ လမ်းအတိုင်း ဗိုလ်တထောင် ဘက်သို့ လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့သည်။ အလားတူ မန္တလေးမြို့၌ အိမ်တော်ရာ ဘုရားဝင်းအတွင်း သံဃာ အပါး ၂၀၀ ခန့် ဆန္ဒပြ ခဲ့ကြသည်။
ရန်ကုန်မြို့ ဆူးလေ ဆန္ဒပြပွဲ မြင်ကွင်းအား မြင်ရစဉ် (ဓါတ်ပုံ - Than Win)
“ကျွှန်တော်တို့ အချိန်းအချက် လုပ်ထားတာ နည်းနည်း လွဲနေကြတယ်၊ အခုမှ လူစု နေတုန်း ရှိသေးတယ်၊ သံဃာ ၅၀ လောက်က ဆူးလေမှာ စနေပြီ၊ ဟိုတစ်စု ဒီတစ်ခု ပြန့်ကျဲ နေတဲ့ အင်အား အားလုံး စုစုပေါင်း (၁၀၀) လောက် ရှိနေပြီ” ဟု ရန်ကုန်မြို့ ဆန္ဒ ပြပွဲတွင် ပါ၀င်သူတစ်ဦး ယနေ့ ညနေ (၄) နာရီခန့်က ပြောကြား ခဲ့သည်။
ဆန္ဒပြသူ များသည် လက်ပံတောင်း ကြေးနီတောင် သပိတ် စခန်း (၆) ခုအား အကြမ်းဖက် ခဲ့သည့်အပေါ် အစိုးရက တာဝန်ယူ ဖြေရှင်း ပေးရန်နှင့် စီမံကိန်း လုံးဝ ရပ်ဆိုင်းရန် အတွက် တောင်းဆို ခဲ့ကြသည်။ ဆန္ဒပြပွဲအား ရဲများက စောင့်ကြည့် နေပြီး နံပါတ်တုတ်မှ အပ အခြားလက်နက်များ ကိုင်ဆောင် ထားခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
ဆန္ဒ ပြပွဲတွင် ရဟန်းသံဃာများ၊ တိုင်းရင်းသား လူငယ် ကွန်ယက်များ၊ ဗကသများ၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိန်း ရေး အဖွဲ့များ၊ လက်ပံတောင်း သပိတ် ကော်မီတီများ၊ လက်ပံတောင်း လူထု ညီလာခံ ကော်မီတီ များနှင့် မြေသိမ်း ခံရ သည့် တောင်သူ လယ်သမားများ ပါဝင် ကြသည်။