ရန်ကုန်မြို့ ဆူးလေ စေတီ၌ သောကြာနေ့ ညနေ ၄ နာရီတွင် ဆန္ဒပြပွဲတခု စတင်ပြုလုပ် နေကြောင်း သိရသည်။
လက်ပံတောင်းတောင် စီမံကိန်းရပ်စဲရေးနှင့် ကြာသပတေးနေ့နံနက် အကြမ်းဖက်မှုအား ဆန့်ကျင်ရှုတ်ချသည့် အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ၎င်းဆန္ဒပြပွဲတွင် ပါဝင်သူတဦးက မဇ္စျိမ သတင်းဌာနအား ညနေ ၄ နာရီခွဲခန့် တွင် ပြောကြားခဲ့သည်။
“ဆူးလေမှာတော့ စနေပြီ။ သံဃာတော် အင်အား ၅ဝ လောက် ရှိနေပြီ။ လူအင်အားက ဟိုတစု ဒီတစုနဲ့ဆို ၁ဝဝ လောက် ရှိတယ်။ အခုမှ လူစစုနေတာ။ ပိုစတာတွေ ထွက်မလာ သေးဘူး။ ဟိုနေ့(တနင်္လာနေ့)တုန်းက အဆက်ကို ကျနော်တို့ ပြန်ချမယ်” ဟု အမည်မဖော်လိုသူ ၎င်းပုဂ္ဂိုလ်က ပြောသည်။
ယင်းဆန္ဒပြပွဲသို့ရဟန်း သံဃာများ၊ တိုင်းရင်းသား လူငယ် ကွန်ယက်များ၊ ဗကသ အငယ် တန်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိန်းရေး အဖွဲ့များ၊ လက်ပံတောင်း သပိတ် ကော်မီတီ၊ လက်ပံတောင်း လူထု ညီလာခံ ကော်မီတီ များနှင့် မြေသိမ်း ခံရသည့် တောင်သူ လယ်သမားများ စသည့် အလွှာစုံမှ ပါဝင် ဆန္ဒ ပြရန် စီစဉ်ထားသည်ဟု သိရှိရသည်။
“အခု ကျနော့် နောက်ကျောမှာလည်း ရဲတွေ ရှိတယ်။ အားလုံး ရဲအင်အား ၅ဝ လောက် ရှိတယ်။ မြို့တော် ခန်းမ လုံခြံုရေး ရဲတွေ ဖြစ်နိုင်တယ်။ သေနတ် မပါဘူး။ ဒိုင်းလည်း မပါဘူး၊ နံပါတ်တုတ်တွေ ပါတယ်” ဟု ၎င်းပုဂ္ဂိုလ်က ဆက်ပြောသည်။