လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရန် သပိတ်မှောက် တောင်းဆိုနေကြသော ဝမ်ပေါင်ကုမ္ပဏီရုံး ရှေ့မှ ပင်မသပိတ်စခန်းကို ကြာသပတေးနေ့ နံနက် ၃ နာရီခန့်က လုံခြံုရေးရဲများက အကြမ်းဖက်ဖြိုခွင်းခဲ့၍ သံဃာအပါး ၃ဝ မှာ မုံရွာဆေးရုံကြီးတွင် တင်ထားကုသမှုခံယူနေရပြီး တပါးမှာ စိုးရိမ်ရသည့်အခြေအနေ ကြောင့် မန္တလေးသို့ ကုသရန် ပင့်ဆောင်သွားရသည်။
ဆေးရုံမတင်ရသော်လည်း သံဃာအပါး ၅ဝ နှင့် လူ ၅ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မဇ္စျိမ သတင်းထောက်က ပေးပို့သည်။
“စစချင်း တိုင်ကီတွေ တင်ထားတဲ့ ရေပိုက်တွေနဲ့ ထိုးတယ်။ နောက်တော့ ပစ်တယ်။ ပစ်တဲ့လက်နက်ကတော့ ဘာဆိုတာ တိတိပပ အဖြေထွက်မလာသေးဘူးဗျ။ ဖုန်းကနဲ အသံကြားပြီးတော့ မီးခိုးတွေ ထွက်လာပြီး မီးလောင်တာတဲ့။ သူတို့သိလိုက်တာက ခြောက်ချက် ခုနှစ်ချက်လောက်ပဲ။ အဲလိုဖြစ်တဲ့အချိန်မှာ ဘာမှလည်း မမြင်ရတော့ ဘူးတဲ့။ ဝရုန်းသုန်းကားနဲ့ ပြေးကြတာ” ဟု ဆိုသည်။
ရရှိခဲ့ကြသောဒဏ်ရာများနှင့်ပတ်သက်၍ “မျက်ရည်လည်းမကျဘူး။ မျက်လုံး ပူစပ်တာလည်း မဖြစ်ဘဲ ထိတဲ့ဒဏ်ရာ မှာ ဖြစ်စကပူတယ်။ ပွတ်လိုက်တော့ မီးလောင်သလိုမျိုး အကွက်။ အဖုလည်း မဟုတ်ဘူး” ဟု ပြောသည်။
သပိတ်မှောက် သံဃာများထဲမှ ၁ဝ ပါး ပျောက်ဆုံးနေကြောင်းလည်း သိရသည်။
သပိတ်စခန်းမှာ မီးလောင်ကျွမ်းသွားပြီး ယခုအခါ ပုသိမ်-မုံရွာ ကားလမ်း၏ ဝမ်ပေါင်ကုမ္ပဏီဝင်းကို သံဆူးကြိုးများ ဖြင့် နှစ်ဖက်ပိတ် ကာထားကြသည်။ လုံခြံုရေးများလည်း ချထားပြီး ဒိုင်းများ၊ တုတ်များအပြင် သေနတ် တို/ရှည် များလည်း ကိုင်ဆောင်ထားကြသည်။
သပိတ်အင်အားစု များကမူ ထိုစီမံကိန်း ရပ်စဲရေးအတွက် ဆက်လက်လှုပ်ရှားသွားမည်ဟု ဆိုသည်။