လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း အတွင်း၌ ဖွင့်လှစ် ထားသော သပိတ် စခန်းခြောက်ခု နိုဝင်ဘာလ ၂၉ ရက် နံနက် ၃ နာရီအချိန်ခန့်က စတင် ဖြိုခွဲ ခံခဲ့ရပြီး လုံခြုံရေး တပ်ဖွဲ့များက မျက်ရည်ယိုဗုံး၊ ရေပိုက်များကို အသုံးပြု၍ ဖြိုခွဲ ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင် များက ဆိုသည်။
သပိတ်စခန်း ဖြိုခွဲခံရမှု နှင့် ပတ်သက်၍ “သိရ သလောက်တော့ (၅၀) ခန့် ရှိမယ် မုံရွာဆေးရုံမှာ ဒဏ်ရာ ရပြီး ကုသနေရတယ်။ အဲဒီ အထဲမှာ သံဃာတော် များလည်း အတော် များများ ပါတယ်။ စခန်း အားလုံးကို မဖြိုသေးဘူး။ အမာခံ စခန်းလို့ ယူဆ ရတဲ့ စခန်း (၃) ခုကို ကျနော်တို့ ဆုတ်ပေး ခဲ့ရပြီးပြီး” ဟု ဆန္ဒပြအဖွဲ့ဝင် တဦးက ဆိုသည်။
မျက်ရည်ယို ဗုံးများ ပစ်ခတ် မှုကြောင့် မီးလောင်ကျွမ်း မှုများ ဖြစ်ပေါ်နေပြီး မီဒီယာသမားများ၏ ကားနှင့် အများပြည်သူများပိုင် ဆိုင်ကယ်များ မီးလောင် ပျက်စီး ခဲ့သည်။ ဖြိုခွင်း မှုကြောင့် ပိတ်မိနေသော အဖွဲ့များက ဖောင်းကား ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြန်လည် စုစည်း မိကြပြီး ဒဏ်ရာ အပြင်းအထန် ရရှိသည့် သံဃာ ၆ ပါးနှင့် လူတစ်ဦးလည်း ရောက်ရှိနေကြောင်း သိရသည်။
လောလောဆယ် လယ်တီ ဆရာတော် ဘုရား သိမ်နေရာရှိ သပိတ် စခန်းမှ လူများနှင့် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီ အချိန်အထိ အဆက် အသွယ် မရသေးကြောင်း၊ တောင်ကြားနှင့် ဆည်တည်း စခန်းမှ သပိတ် အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီး ပြန်ခိုင်းခဲ့ကြောင်း သိရသည်။
သပိတ် ဖြိုခွဲရေး အတွက် ဆားလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က အမိန့်ပေးခဲ့ပြီး နိုဝင်ဘာလ ၂၈ ရက် နေ့ည ၁၂ နာရီ အချိန် အထိ လူစု မခွဲပါက ရဲတပ်ဖွဲ့၏ လုပ်ထုံး လုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၈ ရက်နေ့ ည ရ နာရီ ခွဲ အချိန်ခန့်က စတင်၍ (၃) ကြိမ်တိုင်တိုင် ကြေညာ ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြိုခွင်းမှုကြောင့် လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် ဧရိယာ အတွင်းရှိ သပိတ်စခန်း ၆ ခု အနက် ၃ ခုမှ သံဃာတော်များနှင့် ဒေသခံများ ဖယ်ရှားပေး ခဲ့ရကြောင်း သိရသည်။