“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆိုတဲ့ အစည်းအဝေးတရပ်ကို သျှမ်းလူမှုအဖွဲ့အစည်း တွေက ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမမှာ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။
“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆိုတဲ့ အစည်းအဝေးတရပ်ကို သျှမ်းလူမှုအဖွဲ့အစည်း တွေက ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမမှာ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။ နိုင်ငံရေးပါတီ ၃ ဖွဲ့ကကိုယ်စားလှယ်တွေ၊ သျှမ်းလက်နက်ကိုင် အဖွဲ့ အစည်း ၄ ဖွဲ့ ကိုယ်စား လှယ်များ၊ ပြည်တွင်းပြည်ပအခြေစိုက် သျှမ်းလူမှု အခြေပြု အဖွဲ့ အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်ပေါင်း ၄၂ မြို့နယ်မှ ကိုယ်စားလှယ်များနှင့် အထူး ဖိတ်ကြားထားသည့် ပညာရှင် ၁၇ ဦး စုစုပေါင်း ၁၇၀ ဦး တက်ရောက်တဲ့ ဒီအစည်းအဝေးမှာ ဘာတွေအထူးပြောဆိုဆွေးနွေးခဲ့ကြသလဲဆိုနဲ့ ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် နန်းဝိုးဆိုင် ကို သျှမ်းသံတော်ဆင့် သတင်းဌာနက ဆက်သွယ်မေးမြန်းထား ပါတယ်။
မေး။ ။ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပသွားတဲ့ အစည်းအဝေးက ဘာအစည်းအဝေးလဲ။ ဘာကြောင့် ပြုလုပ်ရပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တဲ့ အစည်းအဝေးပါ။ တိုင်းရင်းသားဒေသတွေမှာ ဘာကြောင့် မငြိမ်းချမ်းသေးသလဲ။ ကျမတို့ သျှမ်းတိုင်းရင်းသားဒေသမှာလည်း မအေးချမ်းသေးဘူး။ ဘာကြောင့်လဲဆိုတာ ပြန်သုံးသပ်ကြည့်လိုက်ရင် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ပဋိပက္ခတွေ ဖြစ်လာတယ်။ ဆူပူမှုတွေ ဖြစ်လာတယ်။ နှစ် ၆၀ ကျော်ပြီ မငြိမ်းချမ်း သေးဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးတာလည်း မအောင်မြင်ဘူး။ ဘာကြောင့်မအောင်မြင်သလဲဆိုရင် တယောက်နဲ့တယောက်၊ လူမျိုးတမျိုးနဲ့တမျိုး၊ အဖွဲ့တဖွဲ့ နဲ့တဖွဲ့ ယုံကြည်မှု မရှိကြသေးလို့ဘဲ။ ဒါကြောင့် ငြိမ်းချမ်းရေး ရဖို့ ယုံကြည်မှု တည်ဆောက်ရမယ်။ ယုံကြည်မှု မရှိရင် ဘယ်လိုဘဲ ဆွေးနွေးဆွေးနွေး မအောင်မြင်နိုင်ဘူး။ လက်နက်ကိုင်အဖွဲ့တွေလည်း စာချုပ်မှာ အပစ်ရပ်ဖို့ လက်မှတ်ထိုးပြီးပြီ။ ဒါပေမဲ့ တိုက်ပွဲတွေ ဖြစ်နေတုန်း။ ယုံကြည်မှု မရှိလို့။ ယုံကြည်အောင်လည်း လုပ်ဆောင်တာ မရှိသေးလို့။ ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေရယူဖို့ ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးဖို့ ပြုလုပ်ရတာပါ။
မေး။ ။ ယုံကြည်မှု တည်ဆောက်ဖို့အတွက် ဆွေးနွေးတယ်ဆိုတော့ ဘယ်လိုဆွေးနွေးပါသလဲ။ ကျေနပ်အားရမှု ရှိပါသလား။
ဖြေ။ ။ စစ်တပ်၊ ပါတီ၊ လူမှုအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ စာပေ/ယဉ် အဖွဲ့၊ ပြည်သူ စတဲ့ အဖွဲ့ပေါင်းစုံ က လာကြတယ်။ အားလုံးကိုရောပြီး အုပ်စုလိုက် ဆွေးနွေးကြတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် အဖက်ဖက်က ပါ၀င်ရမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ဒါတွေနဲ့ ပတ်သက်တာကို ဆွေးနွေးတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ အသိပညာရှင် အတတ်ပညာ ရှင်တွေလည်း သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြတယ်။ အဖြစ်မှန် အမြင်မှန် ကိုသိပြီး ယုံကြည်မှုရအောင် ဘယ်လို လုပ်သင့်သလဲဆိုတာ ဆွေးနွေးကြတယ်။ ယုံကြည်မှုရှိရင် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လွယ်သွားမယ်။
မေး။ ။ အစည်းအဝေးမှာ အဆင်မပြေတာတွေ နားလည်မှု မရတာတွေ ရှိလား။
ဖြေ။ ။ မရှိပါဘူး။ သျှမ်းပြည်က သျှမ်းတိုင်းရင်းသားတွေ သာမက ကချင်ပြည်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းက သျှမ်းတိုင်းရင်းသားတွေ၊ ပြည်ပက သျှမ်းတိုင်းရင်းသားတွေလည်း လာတက်ကြတယ်။ ဆွေးနွေးရတာ အားလုံး အဆင်ပြေပါတယ်။ အတွေ့အကြုံတွေက ခပ်များများ ဆင်တူနေကြတော့ ပြောရဆိုရတာ နားလည်မှုရှိကြတယ်။ နားလည်လွယ်တယ်။
မေး။ ။ အာဏာပိုင်တွေ နှောင့်ယှက်တာတွေ ရှိလား။
ဖြေ။ ။ မရှိပါဘူး။ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း လာတက်ပြီး ဒီလိုအစည်းအဝေးမျိုး ရှိသင့်တာကြာပြီ။ နောက်နောင်လည်း ဒီလိုအစည်းအဝေးရှိမယ်ဆိုရင် ကူညီပေးမယ် လို့ ပြောသွားတယ်။
မေး။ ။ ၁၉၆၂ ခုနှစ်နှောင်ပိုင်းမှာ ဒီလိုအစည်းအဝေးဟာ ပထမဆုံးအကြိမ်လို့ ပြောနိုင်တယ်။ သျှမ်းတိုင်းရင်းသားတွေ တွေ့ဆုံတဲ့ ပထမဆုံးအကြိမ်လို့လည်း မမှားဘူး။ ဒါကြောင့် အမျိုးသားရေး အတွက် ဘာတွေများ ဆုံးဖြတ်ခဲ့ကြပါသလဲ။
ဖြေ။ ။ ဘယ်လိုလုပ်ပြီး ယုံကြည်မှု တည်ဆောက်မလဲဆိုတာ နည်းလမ်းရှာဖွေတဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်တာကြောင့် ဘာမှမဆုံးဖြတ်ပါဘူး။ အချက်အလက်တွေ ယူလာပြီး ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးတာပါ။ အဖက်ဖက်က လာရောက်ဆွေးနွေးပြီး ဒီလိုလုပ်သင့်တယ်၊ ဒီလိုပြုပြင်သင့် တယ်ဆိုပြီး အကြံပေးတာကို နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ တိုင်းပြည်ငြိမ်းချမ်းဖို့၊ တိုးတက်ဖို့ ယူသုံးနိုင်အောင်ပါ။ ဒါပေမဲ့ နောက်နောင်မှာလည်း ဒီလိုအစည်းအဝေး လုပ်ပါအုံးမယ်။ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် ဆွေးနွေး ရမဲ့ခေါင်းစဉ်တွေလည်း များတယ်။ အချိန်လည်း သိပ်မရတော့ ဆုံးဖြတ်ချက်ချတဲ့ အဆင့်ထိတော့ မရောက်ဘူး။ နောက်နောင်ဆိုရင် ဆုံးဖြတ်နိုင်တဲ့အဆင့်ထိ ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ သျှမ်းတပ်ဖွဲ့ဆိုလည်း ၂ဖွဲ့ ၃ ဖွဲ့ရှိတယ်၊ သျှမ်းပါတီဆိုရင်လည်း ၂ ဖွဲ့ ၃ ဖွဲ့ရှိတယ်။ ပြည်သူ တွေက သူတို့ကို ပေါင်းစည်းစေချင်ကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ဒါလည်းဆွေးနွေးဖြစ်ပါတယ်။ အစည်းအဝေးမတိုင်ခင် အလုပ်အမှုဆောင်အဖွဲ့လည်း သျှမ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသကို သွားရောက်ပြီး ဆန္ဒကောက်ယူခဲ့ကြပါတယ်။ ၉၀ ရာခိုင်နှုန်း လောက်က လက်နက်ကိုင်တပ်ဘဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီဘဲဖြစ်ဖြစ် သူတို့ကို ပေါင်းစည်း စေချင်ကြတယ်။ မပေါင်းစည်းနိုင်ရင်လည်း ပူးပေါင်းလုပ်ဆောင်ကြဖို့၊ နေရာ၊ တာဝန်ခွဲဝေကြဖို့ ပြောကြတယ်။ ဒါကတော့ ပြည်သူတွေရဲ့ဆန္ဒပါ။
မေး။ ။ ဒီအစည်းအဝေးကနေ သျှမ်းတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ စကားကို ပြည်သူတွေ သိရှိအောင် ဘာများမှာကြားချင်ပါသလဲ။
ဖြေ။ ။ ဒီအစည်းအဝေးမှာ ဒေသအသီးသီးက လူငယ်အဖွဲ့လည်း ပါ၀င်တယ်။ ကိုယ်စားလှယ် အသီးသီးလည်း လာတက်ကြတယ်။ ဒါကြောင့် သူတို့လည်း အချက်အလက်တွေကို ပြန်ပြောကြမှာပါ။ ပြည်သူတွေလည်း ကိုယ့်တိုင်းပြည်ကို ချစ်ကြဖို့၊ စိတ်ရှည်ရှည်ထားကြဖို့၊ မာနတွေ လျှော့ကြဖို့၊ တကိုယ်ကောင်းမဆန်ဘဲ အများအကျိုးအတွက် သယ်ပိုးဖို့၊ ပြည်ပမှာ ရောက်နေတဲ့ လူငယ်တွေလည်း ကိုယ့်တိုင်းပြည်ကို ပြန်လာပြီး တိုင်းပြည်အကျိုးသယ်ပိုးကြဖို့ အစည်းအဝေး တက်ရောက် ကြသူတွေအားလုံးက တောင်းဆိုကြပါတယ်။
၃ ရက်တာကာလ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လက်ရှိ သျှမ်းနိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ စာပေ ယဉ်ကျေးမှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ၊ သျှမ်းလူမျိုးများနေထိုင်ရာဒေသများတွင် ရာစုနှစ်တဝက်ကြာ ခံစားနေရသော နိုင်ငံရေးပြဿနာများ ပကတိအခြေအနေများကို စာတမ်း ၂၃ စောင်ဖြင့် တင်ပြခဲ့ပါတယ်။ အဲဒီ စာတမ်း ၂၃ စောင်အပေါ် အခြေခံပြီးတော့ အစည်းအဝေးတက်ရောက်တဲ့လူတွေက ခေါင်းစဉ်အလိုက်အုပ်စုခွဲပြီး သဘောထားပေး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာပြီးဆုံးတဲ့ရက်မှာဘဲ လူထုထံက ကောက်ယူထားတဲ့ ဆန္ဒသဘောထားစစ်တမ်းတွေရဲ့ အဖြေကို စုစည်းပြီး တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။