တကျော့ပြန် ရခိုင် အကြမ်းဖက် ဆူပူမှုတွင် ALP ပါ၀င် ပတ်သက်မူ မရှိဟုဆို

တကျော့ပြန် ရခိုင် အကြမ်းဖက် ဆူပူမှုတွင် ALP ပါ၀င် ပတ်သက်မူ မရှိဟုဆို
by -
နိရဥ္စရာ

မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ (ALP) သည် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် တကျော့ပြန် ရခိုင် ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ် တွင် တစ်စုံတစ်ရာ ပါ၀င် ပတ်သက်မူ မရှိကြောင်း ထုတ်ဖေါ် ပြောကြားလိုက်သည်။

ALP တပ်ဖွဲ့ဝင်များ

နိုင်ငံတော် သမ္မတရုံး၏ ၂⁄ ၂၀၁၂ ထုတ်ပြန်ချက် အပေါ် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီက သဘောထား ကျေညာချက် တစ်စောင် ထုတ်ပြန်ပြီး တုန့်ပြန်ရာတွင် ထိုသို့ ပြောဆိုလိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်ကို ALP က နိုဝင်္ဘာလ ၂၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၂၀၁၂-ခုနှစ် အောက်တိုဘာလ (၃၀)ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် ၂/ ၂၀၁၂ တွင် ဖေါ်ပြချက်  အပိုဒ်(၄) ၏ စာကြောင်းရေ (၃)တွင် အောက်တိုဘာလ အတွင်း ဖြစ်ပွါး ခဲ့သော ရခိုင်ပြည်နယ် တွင်း အကြမ်းဖက်မှု နောက်ကွယ်မှ ငြိမ်းချမ်းရေးယူ ထားသော အဖွဲ့အစည်း အချို့ ပါ၀င်နေသည်ဟု ဖေါ်ပြထားကြောင်း၊ အဆိုပါ ဖေါ်ပြချက်မှာ

ငြိမ်းချမ်းရေး ယူထားသော တစ်ခုတည်းသော ရခိုင်တော်လှန်ရေး ပါတီ ALP ရည်ရွယ်ထားပုံ ရကြောင်း၊ သို့အတွက် ယခုလို ကျေညာချက်ထုတ်ပြီး တုန့်ပြန်ရခြင်း ဖြစ်ကြောင်း ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် အတွင်းရေးမှူး ၂ ခိုင်သုခက နိရဥ္စရာသို့ ပြောသည်။

“နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက် အမှတ် ၂/၂၀၁၂ မှာ အောက်တိုဘာလအတွင်း တကျော့ပြန်ဖြစ်တဲ့ ရခိုင်ပြည် အကြမ်းဖက် ဆူပူမှှုမှာ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေ ပါ၀င်ပတ်သက်မှု ရှိတယ်ဆိုပြီး ရေးထားတဲ့အတွက် ကျွန်တော်တို့ကို ရည်ညွန်းပြီး ပြောဆို တာ ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ထုတ်ပြန်ကြေငြာ ချက် မထုတ်ဘဲ စောင့်နေခဲ့တယ်။ နောက်ဆုံး နိုဝင်္ဘာ ၁၀ ရက်နေ့မှာ ကျွန်တော်တို့ဆီက လူကြီးတွေနဲ့  ဦးအောင်မင်း ထိုင်းနိုင်ငံ ချမ်းမိုင်မှာ တွေ့တဲ့အခါ  ဦးအောင်မင်းကလည်း အဲဒီအတိုင်း စွပ်စွဲပြောဆိုလာတယ်။  ဒီလို ပြောဆိုလာတဲ့ အပေါ်မှာ ရှင်းရှင်းလင်း ဖြစ်ဖို့ အတွက် ကျွန်တော်တို့ဘက်က ကြေငြာချက်ထုတ်ပြီး တုန့်ပြန်ရတာ  ဖြစ်ပါတယ်” ဟု ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် ချမ်းမိုင်တွင် တွေ့ဆုံစဉ်   ယခုကဲ့သို့ ALP ကို စွပ်စွဲ ပြောဆိုလာသဖြင့် ALP ဘက်ကလည်း ရခိုင် ပြည်နယ်အတွင်း တကျော့ပြန် အကြမ်းဖက်မှုများတွင် စစ်တပ်က ပါ၀င် ပတ်သက်မှုရှိသည် ဟု ပြန်လည်ပြောဆိုလိုက် ကြောင်း ခိုင်သုခက ပြောသည်။

“စစ်တပ်ဖက်က ပါ၀င်ပတ်သက်မှုရှိတဲ့ အထောက်အထားတွေ အများကြီးရထားတာရှိတယ်။ အဲဒါ ကိုလည်း ဦးအောင်မင်းကို တရားဝင် ပြောလိုက်တယ်။ အခုဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေမှာ ရခိုင်ပြည်လွတ် မြောက်ရေး ပါတီဖက်က လုံးဝ ပတ်သက်မှုမရှိဘူးဆိုတာကို ရှင်းပြလိုက်ပါတယ်” ဟု ဆိုသည်။

ALP ၏ ကျေညာချက်ထဲတွင် နိုင်ငံတော် သမ္မတရုံ၏ ထုတ်ပြန်ချက်ပါ စွပ်စွဲချက်သည် လုံးဝ အခြေ အမြစ် မရှိသော စွပ်စွဲချက်သာ ဖြစ်ပြီး ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေ ရန်နှင့် နိုင်ငံတကာမှ ALP ပါတီ အပေါ် အထင်အမြင်လွှဲမှားစေရန် တမင်ကြံရွယ် လုပ်ဆောင်နေသော လူပုဂ္ဂိုလ် အချို့နှင့် အဖွဲ့အစည်း အချို့၏ လုပ်ရပ်သာ ဖြစ်သည်ဟု ဖေါ်ပြသည်။

၎င်းအပြင် အောက်တိုဘာလ အတွင်းက ဆူပူ အကြမ်းဖက်မူ နောက်ကွယ်မှ ပါ၀င် ပတ်သက်နေသူ များမှာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်မှ နယ်မြေများကို အပိုင်ရယူလိုကြသော ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ မူဆလင်အဖွဲ့ အချို့နှင့် ၎င်းတို့အား အားပေး အားမြှောက် ပြုနေကြသော နိုုင်ငံအချို့မှ အဖွဲ့အစည်း အချို့သာ ဖြစ်သည်ဟုလည်း ဖေါ်ပြထားသည်။

၎င်းအပြင် မြန်မာ- ဘင်္ဂလာနယ်စပ်တွင် မြန်မာတပ်မတော်မှ GE တပ်သား (၃) ဦး ဖမ်းဆီးခံ ထားရခြင်းနှင့် ပတ်သက်ပြီးလည်း ALP နှင့် တစ်စုံတစ်ရာ ပတ််သက်မူ မရှိကြောင်း ကျေညာချက်ထဲ တွင် ဖေါ်ပြထားသည်။

Most read this week