အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ထပ်မံ မပြုလုပ်မီ ကချင် ပြည်သူလူထု၏ အမြင်များ ကောက်ခံသွားရန်ရှိသည် ဟု ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) က ပြောဆိုသည်။
တရုတ် နိုင်ငံ ရွှေလီမြို့ ဆွေးနွေးပွဲအတွင်း နှစ်ဖက်ကိုယ်စားလှယ်များ နို၀င်ဘာလအတွင်း ထပ်မံတွေ့ဆုံရန် အစိုးရ ကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်းက ကမ်းလှမ်း ထားသော် လည်း ယခုလအတွင်း မဖြစ်နိုင်သေး ကြောင်း သိရသည်။
အလားတူ ထပ်မံ တွေ့ဆုံရေးနှင့် ပတ်သက်၍ (KIO) အဖွဲ့ အတွင်း ဗဟိုကော်မတီ အစည်းအဝေးကျင်းပနေ သလို ယင်းအစည်းအဝေးပြီးပါက လူထုဆန္ဒ ကောက်ခံ သွားရန် ရှိသည်ဟု အမည်မဖော်လိုသည့် KIO ဗဟိုကော်မတီဝင် တဦးက ပြောသည်။
“ဗဟို ကော်မတီ အစည်း အဝေးတွေ လုပ်ပြီးနောက် ကချင် ပြည်သူ လူထု ဆန္ဒ ကောက်ခံဖို့ ရှိသေးတယ်၊ တွေ့ဆုံပွဲက နိုင်ငံရေး တွေ့ဆုံ ပွဲလေ၊ ကျနော်တို့ ကြီးပဲ ပြီးတဲ့ ကိစ္စ မဟုတ်ဘူး ဆိုတော့ ဒီလ အတွင်းတော့ တွေ့နိုင်မှာ မဟုတ်တော့ဘူး” ဟု KIO ဗဟို ကော်မီတီဝင် တစ်ဦးက ဆိုသည်။
ထို့အပြင် KIO ဘက်က နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရေးကို လိုလားသော်လည်း ဆွေးနွေးပွဲ အမြန် ပေါ်ပေါက်ရေးသည် မြန်မာအစိုးရ၏ စစ်ရေးလှုပ်ရှားမှု အခြေအနေ အပေါ် မူတည်သလို ကချင်ပြည်သူ လူထုများ၏ အဆုံးအဖြတ်၊ အမြင်သဘောထားများ အပေါ်တွင်လည်း များစွာ မူတည်သည်ဟု ၎င်းကဆိုသည်။
အောက်တိုဘာလ (၃၀) ရက်နေ့က မြန်မာ အစိုးရနှင့် KIO နှစ်ဖက်ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တရားဝင် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း တစုံတရာ သဘောတူညီမှု မရခဲ့ သေးသလို ထပ်မံ တွေ့ဆုံရေးအတွက် KIO ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်ပြီးမှ အကြောင်း ပြန်ကြားနိုင်လိမ့်မည်ဟု KIO ဖက်က ပြောဆိုထားသည်။
ထို့အပြင် နိုင်ငံရေးအရ မည်သည့် အချက်အပေါ် အခြေခံ၍ ဆွေးနွေး သွားမည်ကို ပြင်ဆင် နေရသလို KIO အပေါ် အစိုးရတပ်များ ထိုးစစ်ဆင် တိုက်ခိုက် နေသည့်အပေါ် ခုခံနေရသဖြင့် ဆွေးနွေးပွဲ နှောင့်နှေး ကြန့်ကြာရခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မီတီဝင်က ပြောဆိုသည်။
အလားတူ နှစ်ဖက်ထပ်မံ တွေ့ဆုံရေး မပြုလုပ်နိုင်သေးမီ လောလောဆယ် ဒေသတွင်း နေရာအချို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း KIA စစ်ရုံးချုပ်မှ အမည်မဖော်လိုသည့် အရာရှိ တဦးက ပြောဆိုသည်။