ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သဘောတရား KNPP နှင့် လူထုခေါင်းဆောင်များ ဆွေးနွေး

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သဘောတရား KNPP နှင့် လူထုခေါင်းဆောင်များ ဆွေးနွေး
by -
ကန္တာရဝတီတိုင်း(မ်)

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတရားတွေနဲ့ ပတ်သက်လို့ ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ အပါအဝင် လူထုအခြေပြုလူမှု အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူးတို့ လွိုင်ကော်မြို့ နောင်ယား(ခ) ကက်သလစ်ဂရုဏာ ဓမ္မရုံမှာ နှစ်ရက်သာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ဆွေးနွေးပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်နဲ့ ပတ်သက်လို့ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က “ဒီလိုမျိုးဝပ့်ရှော့လာလုပ်တာက ဒီနေ့နိုင်ငံတော်ကပြောနေတယ်လေ ကျနော်တို့နိုင်ငံတော်ကြီးဟာ ဒီမိုကရေစီစနစ်ကို ရွေ့လျားနေပါတယ်။ ဦးတည်နေပါတယ်။ အပြောင်းအလဲတွေသွားနေပြီဆိုတော့.. ဒီလိုရိုးရိုးလေးပြောလို့မရဘူး။ ဒီမိုကရေစီစနစ်ကိုသွားနေပြီဆိုတော့ ဒီမိုကရေစီစနစ်ရဲ့အနှစ်သာရတွေကို ဒီမိုကရေစီစနစ်ရဲ့လက္ခာဏာတွေကို ကျနော်တို့နိုင်ငံသားတွေက သိရှိဖို့လိုတယ်။ အဲဒါကြောင့်ကျနော်တို့ က ဒီလိုဆွေးနွေးပွဲကိုလာရောက် ပြီးတော့ သင်တန်းတွေလုပ်တာဖြစ်တယ်။” လို့ ပြောပါတယ်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာသဘောတရားများကို လူထုမှ KNPP နှင့် တွေ့ဆုံဆွေးနွေးနေကြစဉ် (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))

ဆွေးနွေးပွဲမှာ အတွေ့အကြံုရှိတဲ့ အစိုးရခေါင်းဆောင်တွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါ၀င်ပါတယ်။ အခုလို ခေါင်းဆောင်တွေနဲ့ လူမှုအသင်းအဖွဲ့က ကိုယ်စားလှယ်တွေ ပါ၀င်တဲ့ ဆွေးနွေးပွဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ သဘောတရားတွေကို ဆွေးနွေး နိုင်မှသာ  ကယားပြည်နယ်မှာရှိတဲ့ ပြည်သူလူထု တရပ်လုံးထံ ဒီအခြေခံသဘောတရားတွေ ရောက်ရှိနိုင်မှာ ဖြစ်သလို ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆရာအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

၎င်းက “ဒီတိုင်းရင်းသားတွေ အားလုံးမျှော်မှန်းထားတဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်က KNPP တခုထဲနဲ့လုပ်လို့မရဘူး။ အားလုံးရဲ့ နိုင်ငံရေးပါတီ ၊ လူမှုအဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေ ခေါင်းဆောင်တွေအားလုံးက ဒီအခြေခံသဘောတရားတွေကို သိပြီးမှပူးပေါင်းလုပ်မှပဲ ရနိုင်မယ်” လို့ပြောပါတယ်။

နယ်စပ်တွေမှာ လူ့အခွင့်အရေး သဘောတရား တွေကို သင်တန်း တက်ခဲ့တဲ့ သင်တန်းသား/သူတွေက ဆင့်ပွားသင်တန်းအဖြစ် ဒီးမော့ဆိုမြို့နှင့် ဖရူးဆိုမြို့တွင် ပြုလုပ်သွားဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်။

အလားတူ လူထုတွေကို ဒီလိုပညာပေးတဲ့ အစီအစဉ်တွေမှာ ဒေသခံလူထု အခြေပြု လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း ပါဝင်ပံ့ပိုးကူညီဖို့ရှိတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ် လူထုအခြေပြု လူမှုအဖွဲ့အစည်းမှ ခူးလီးရယ်က “ဒါကတော့ပထမခြေလှမ်းပဲ လူထုနဲ့ KNPP Civil Society ကြားထဲမှာ ပြည်တွင်းထဲမှာ ပြုလုပ်တာက ပထမခြေလှမ်းဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ အများကြီး ဆက်သွားဖို့ သင့်တယ်။ ရှေ့ဆက်လုပ်ဖို့ အချိန်တခု အတိုင်းအတာတစ်ခုထိပဲသိရသေးတယ်။ ခုနက အတွင်းရေးမှူး(၂)ပြောသလိုပဲ ဆက်သွားဖို့အနေအထားမျိုးမှာရှိနေတယ်ဆိုရင်ကောင်းတယ် ကျနော်တို့အနေနဲ့ ပံ့ပိုးပါဝင်ပေးဖို့ အဆင်သင့်ရှိတယ်။” လို့ ပြောပါတယ်။

၎င်းတွေ့ဆုံပွဲကိုနိုဝင်ဘာလ ၂၆ နှင့် ၂၇ ရက်နေ့တွေမှာ ပြုလုပ်သွားတာဖြစ်ပြီး ကေ့ထျိုးဘိုးလူမှုအဖွဲ့အစည်း ၊ ကယားဖူးနှစ်ခြင်းအဖွဲ့မှ လူမှုအဖွဲ့အစည်း၊ ကက်သလစ် ကရုဏာအဖွဲ့ ၊ ကယားမူပွာ ၊ ကယားလူမှုရေးအဖွဲ့၊ ကန္ဒရဝတီလူငယ်အဖွဲ့၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ အဖွဲ့ကိုယ်စားလှယ်၊ ကယန်းအမျိုးသားပါတီ၊ ခိုးလျေဆိုတောင်သူလယ်သမားအဖွဲ့၊ ကယားမြေသက်သေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ၊ ဘုန်းတော်ကြီး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ ကိန္ဒီရာကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့ ၊ ပြည်ခိုင်ဖြိုးအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့မှ အဖွဲ့ဝင်ကိုယ်စားလှယ်တို့က တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ ကြတာဖြစ်ပါတယ်။