မြန်မာ အာဏာပိုင် များမှ လက်ပန်းတောင်း ကြေးနီ စီမံကိန်း ရပ်ဆိုင်း ရေးအတွက် သပိတ် စခန်းများ ဖွင့်လှစ် ဆန္ဒပြ နေမှု များအား ရပ်ဆိုင်းရန် ညွှန်ကြား ချက်မှာ လက်ရှိ ပြဿနာကို ပိုမို ဆိုးရွား စေနိုင်ကြောင်း ဗကသများ အဖွဲ့ချုပ်နှင့် မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂတို့မှ ယနေ့ ရက်စွဲဖြင့် ပူးတွဲ ကြေငြာချက် ထုတ်ပြန် လိုက်သည်။
လူထု၏ စားဝတ် နေရေးနှင့် လူမှု ဒုက္ခ အဖုံဖုံ တွေ့ကြံု ခံစား နေရသော တောင်သူ လယ်သမား၊ အလုပ်သမားများ၏ ရပိုင် ခွင့်များ ပြန်လည် ရရှိရေး အတွက် သပိတ်မှောက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ဖြစ်ပြီး အစိုးရ အာဏာပိုင် များဘက်မှ တလွဲ အာဏာ သုံး၍ သပိတ် စခန်းများ ချက်ခြင်း ရပ်ဆိုင်း ရမည်ဟု အမိန့်ပေး စေခိုင်းခြင်းသည် လက်ရှိ ပြဿနာ များကို မှန်ကန်စွာ ဖြေရှင်း နိုင်မည့် နည်းလမ်း မဟုတ်ဟု ကြေငြာ ချက်၍ ဖော်ပြ ပါရှိသည်။
ထို့ပြင် သပိတ် စခန်းတွင် ရောက်ရှိ နေသည့် မြန်မာ နိုင်ငံ ဝိဇ္ဇာ/သိပ္ပံ ကျောင်းသားများ ကွန်ယက် ကွန်ယက် တာဝန်ခံ ကိုသောင်းထိုက်အား ယနေ့ ညနေ လေးနာရီခန့်က နောက်ဆုံး အခြေအနေအား ဆက်သွယ် မေးမြန်းခဲ့ရာ လက်ပန်းတောင်း တော်ပေါ် သပိတ်စခန်း တစ်ခု ဖြစ်သည့် ကျော်ရွာ သပိတ်စခန်းအား ဖြိုခွင်းရန် အစိုးရဘက်မှ လုံခြံုရေးရဲ (၁၀၀) ခန့်က အသင့်အနေအထား ပြင်ဆင် ထားကြောင်း သိရသည်။
လက်ပန်းတောင်း ကြေးနီ တူးဖော်ရေး လုပ်ငန်းခွင် အတွက် တာဝန်ယူ ဖောက်ခွဲ ပေးတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Beijing Auxin Chemical Technology Ltd မှ ဝန်ထမ်း များအား တွေ့ရစဉ် (ဓါတ်ပုံ - Nik Nayman)
“ကျော်ရွာ သပိတ် စခန်းက သံဃာ အပါး (၃၀) လောက်ပဲ ရှိပါတယ်၊ အဲဒီ သပိတ် စခန်းမှာ အားအနည်းဆုံး လို့လည်း ဆိုနိုင် ပါတယ်။ လက်ပန်းတောင်း တောင်ပေါ် တက်ဖို့ စခန်းပေါ့၊ အဲဒီစခန်း ကလည်း စက်ယန္တရားတွေ မလည်ပတ် နိုင်အောင်၊ မိုင်းကြီးတွေ ခွဲလို့ မရအောင် လိုက်လံ တားဆီးတဲ့ အဖွဲ့ပေါ့၊ အဲဒါကြောင့် စီမံကိန်းက အလိုအလျောက် ရပ်တန့်နေတဲ့ သဘော ရှိတယ်၊ အဲဒီ အင်အား အနည်းဆုံး နေရာကို ထိုးဖောက် ဝင်ရောက်ဖို့ ဟန်ပြင်နေတဲ့ သဘော ရှိတယ်” ဟု ကိုသောင်းထိုက်မှ ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ (၂၇) ရက် ညသန်းခေါင် မတိုင်ခင် နောက်ဆုံး ထား၍ သပိတ် စခန်းများ ရုပ်သိမ်း ပေးရန် အာဏာပိုင် ဘက်က အသံချဲ့စက် များဖြင့် သုံးကြိမ်တိုင်တိုင် လာရောက် သတိပေး ထားသော်လည်း သပိတ် စခန်းများ ဆက်လက် ဖွင့်လှစ်၍ ဆန္ဒပြ နေဆဲဖြစ်သည်။
အစိုးရမှ လုံခြံုရေး အင်အား (၁၀၀၀) ခန့် ချထား ကြောင်းနှင့် သေနတ်၊ နံပါတ်ဒုတ်၊ ဒိုင်းများ တပ်ဆင် ပေးထားသည် ဟုလည်း သိရသည်။ ထို့အပြင် လုံခြံုရေးရဲ ၃၀၀ ခန့်သာ ပြင်ပ၌ လုပ်ရှား နေပြီး အများ စုကို ဝမ်ပေါင် ကုမ္ပဏီ ဝင်းအတွင်းနှင့် Sino Hydro ကုမ္ပဏီဝင်း အတွင်းတွင် တပ်ချ ထားကြောင်း ကိုသောင်းထိုက်မှ ပြောသည်။
ယခု အချိန်အထိ အာဏာပိုင်နှင့် သပိတ်စခန်းရှိ ဆန္ဒပြ ပြည်သူ လူထုတို့အကြား ထိပ်တိုက် တွေ့ဆုံ၍ ပြသနာ ဖြစ်ပွား ခဲ့သေးခြင်း မရှိပေ။
သပိတ် စခန်းတွင် ဆန္ဒပြ နေကြသည့် သံဃာတော်များ၊ ဒေသခံ တောင်သူ လယ်သမား၊ အလုပ်သမား များနှင့် ကျောင်းသား များအပေါ် အကြမ်းဖက် ဖြိုခွဲရန် ကြိုးပမ်း မှုကိုလည်း လုံးဝ ကန့်ကွက်ကာ၊ ရှုတ်ချပြီး ထိုကြိုးပမ်း မှုကြောင့် ရလာဒ် ကောင်းများ ရလာမည် မဟုတ်ဟု ၄င်းတို့မှ ယုံကြည်သည် ဟုလည်း ဗကသများ အဖွဲ့ချုပ်နှင့် မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂတို့မှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်၌ ပါရှိပါသည်။
အကြမ်းဖက် ဖြိုခွဲမည့်အစား ညှိနှိုင်း အဖြရှာသော နည်းလမ်းဖြင့် ပြည်သူ လူထု အမှန်တကယ် လိုလားသော ချဉ်းကပ်နည်း မျာဖြင့်သာ ဖြေရှင်း ရလိမ့်မည်ဟု တိုက်တွန်းကြောင်း ထုတ်ပြန် ထားပါသည်။
လက်ရှိ၌ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒပြ နေကြသည့် သပိတ် စခန်း ခြောက်ခုထိ ရှိပြီး၊ ထိုသပိတ် စခန်း နေရာများအား အစိုးရ အာဏာပိုင် များဘက်မှ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသလို ထိုဒေသတွင် သတင်းယူမည့် သတင်းထောက်များ ထွက်ခွာ ပေးကြရန်လည်း ကြေငြာ ထားသည်။
နက်ဖြန် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ၄င်း လက်ပံတောင်း တောင်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရန် ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။
သို့သော် နို၀င်ဘာလ (၂၉) ရက် ယနေ့ နံနက် (၃) နာရီ အချိန်ခန့်က ယင်းသပိတ်စခန်းများအား အစိုးရက အင်အားသုံး ဖြိုခွင်းလိုက်ရာ မီးလောင်မှုများ ဖြစ်ပွား၍ ဆန္ဒပြသူ အများအပြား ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာ ရရှိသူများအနက် အများစုမှာ သံဃာတော်များဖြစ်ကြောင်း သိရသည်။