ကြေးနီတောင် စီမံကိန်း ဆန္ဒပြသူများ အဖမ်းခံရ

ကြေးနီတောင် စီမံကိန်း ဆန္ဒပြသူများ အဖမ်းခံရ
by -
မဇ္စျိမ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တနင်္လာနေ့က ရန်ကုန်မြို့ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူအချို့အား ဖမ်းဆီးကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခံနေရကြောင်း ဗကသ ကျောင်းသား ကိုသီဟဝင်းတင် က ပြောသည်။

ခွင့် မတောင်းခံဘဲ ဆန္ဒပြသူ အမျိုးသမီး နှစ်ဦး အပါအဝင် ခြောက်ဦးကို ဖမ်းဆီးထားပြီး ပုဒ်မ ၁၈ အပြင် ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ)ဖြင့် တရားစွဲထားကြောင်း တိမ်းရှောင်နေရသူ ကိုသီဟဝင်းတင် က ပြောသည်။

“အခုဖမ်းတဲ့ အချိန်ကျတော့ ပုဒ်မ ၁၈ အပြင် အာမခံလို့ မရတဲ့ ပုဒ်မ ၅ဝ၅ ပါ ထည့်ပြီးတော့ အခု အင်းစိန်ထောင်ကြီး ချုပ်ကို ပို့လိုက်တယ်။ ပုဒ်မ ၁၈ နဲ့ ခေါ်တယ်။ ဖမ်းတော့ ၅ဝ၅ ခ က ဆူပူလှုံဆော်မှု။ စစ်အစိုးရခေတ်က နိုင်ငံရေး လုပ်တဲ့သူတွေအတွက် တွင်တွင်သုံးတဲ့ ပုဒ်မ၊ မပါမဖြစ် ပုဒ်မ။ အခုကျနော်တို့ ဆန္ဒပြတာကလည်း ဆူပူလှုံဆော်တာ လည်းမဟုတ်ဘူး၊ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတာ။ ပြည်သူတွေရဲ့ လိုအပ်ချက််ကို ဖော်ထုတ်ကြတာ” ဟု မဇ္စျိမကို ပြော သည်။

ကြေးနီတောင် စီမံကိန်း ဆန္ဒပြသူများ အဖမ်းခံရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် လူအင်အား ၁၀၀ ကျော်တို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်က ရန်ကုန်မြို့၊ ဆူးလေ ဘုရားလမ်း ကားမှတ်တိုင်အနီးမှ မဟာဗန္ဒုလ ပန်းခြံအား နှစ်ကြိမ်ပတ်၍ ချီတက် ဆန္ဒပြကြစဉ််။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ဖမ်းဆီးခံထားရသူများထဲတွင် NLD ပါတီဝင်ဟောင်း ဒေါ်နော်အုန်းလှ၊ ကိုဝေဠု၊ ကိုကိုကျော်နှင့် ကိုရဲလင်းတို့ ပါဝင်ပြီး တိမ်းရှောင်နေသူ အများအပြားရှိနေသည့်အပြင် ဖမ်းဆီးခံရသူ အရေအတွက် ပိုမိုများနိုင်ကြောင်း ၎င်း က ဆက်ပြော သည်။

ထို့အပြင် ဆန္ဒပြခေါင်းဆောင် အချို့၏ နေအိမ်များသို့ ညအချိန် အာဏာပိုင်များက လာရောက် စစ်ဆေးရှာ ဖွေမှုများ ပြုလုပ် ကြောင်း “မနေ့က ည ၁ဝ နာရီမှာ အိမ်ကိုဝင်တယ်။ လုံခြံုရေး အင်အား ၁ဝ ယောက်ရယ်၊ ရပ်ကွက်လူကြီး တွေ့ပါ တယ်။ ပြီးတော့ အိမ်ရှေ့နားမှာ၊ ရပ်ကွက်ရုံးရှေ့နားမှာ စောင့်နေကြတယ်။ ရဲတွေ၊ ထောက်လှမ်းရေးတွေ စောင့်ကြည့် နေတယ်လို့ သတင်းရထားတယ်” ဟု ကိုသီဟဝင်းတင် က ပြောသည်။

လက်ပံတောင်းတောင် အရေးသည် မြန်မာတပြည်လုံးနှင့် သက်ဆိုင်ပြီးတောင်များ ပျောက်ကွယ်သွားတော့ မည့် အခြေအနေနှင့် ရင်ဆိုင်နေရသလို လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးတော်ခဲ့သည့် သာသနာ့ သမိုင်းအမွေအနှစ်လည်း ဆုံးရှုံးရမည့် အခြေအနေ ဆိုက်ရောက်နေကြောင်း ၎င်း က မဇ္စျိမ ကို ပြောသည်။

ဆန္ဒပြ ခေါင်းဆောင်များအား လာရောက်အဖမ်းခံရန်နှင့် ထိုသို့မဟုတ်ဘဲ ဆက်လက်ရှောင်တိမ်းနေမည် ဆိုပါက အထက်ဌာနများ၏ ဖိအားပေးမှုကြောင့် အခြေအနေ ဆိုးဝါးလာနိုင်သည်ဟု ဖိအားပေးမှုများ ရှိနေကြောင်း ​၎င်းက ပြောသည်။

“ဒါက ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရကို ကျနော်တို့က ဘယ်လိုယုံကြည်ရမလဲ။ အစိုးရက ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်ဆိုရင် ဒီမိုကရေစီ စိတ်ဓါတ်နဲ့ ပြည်သူအပေါ် ဆက်ဆံသင့်တယ်။ စစ်အစိုးရ လက်ထက်က ရှိခဲ့တဲ့ အပြုအမူတွေ၊ အကျင့်စရိုက်တွေ ပြုပြင် ပြောင်းလဲမှသာ ပြည်သူတွေက အစိုးရကို ပြုပြင် ပြောင်းလဲနေတယ် ဆိုတာ ယုံကြည်လက်ခံမှာပါ” ဟု ဆိုသည်။

ကိုသီဟဝင်းတင် သည် ဆန္ဒပြရန် တိုင်ပင်သည့် တနင်္ဂနွေည အစည်းအဝေးသို့ တက်ရောက်ခဲ့၍ အခြားသူ သုံးဦးနှင့် အတူ SB မှ နိုဝင်ဘာလ ၂၆ မနက်ပိုင်းက နေအိမ်မှခေါ်ဆောင်ခြင်းခံခဲ့ရပြီး နေ့လည်ပိုင်းတွင် ပြန်လည်လွတ်မြောက် လာခဲ့သူ ဖြစ်သည်။

လက်ပံတောင်းအရေးနှင့် ပါတ်သက်ပြီး စက်တင်ဘာလအတွင်းကလည်း ကွန်ယက် အဖွဲ့ဝင်များဖြစ်သည့် ကိုဟန်ဝင်းအောင်၊ ကိုအောင်စိုး တို့အား အာဏာပိုင် များက ဆားလင်းကြီးဒေသ လက်ပံတောင်းတောင် စီမံကိန်းတွင် သွေးထိုးလှုံ့ဆော်သည် ဟုဆိုကာ ဖမ်းဝရမ်း ထုတ်ထားခဲ့ဖူးသည်။

လက်ပံတောင်းတောင် ဒေသခံများက သပိတ်စခန်း ခြောက်ခု ဖွင့်ကာ စီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြနေကြ သလို မုံရွာမြို့တွင်လည်း သံဃာတော်များနှင့် ပြည်သူများ မြို့တွင်း ချီတက်ဆန္ဒပြလျက်ရှိသည်။

Most read this week