အမေရိကန်နိုင်ငံထုတ် နိုင်ငံခြားရေး ပေါ်လစီ (Foreign Policy) မဂ္ဂဇင်းမှ ၂ဝ၁၂ ခုနှစ် အတွက် ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ ၁ဝဝ’ 100 Global Thinkers စာရင်းတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့အား နံပါတ် ၁ အဖြစ် ပူးတွဲ ဖော်ပြလိုက်သည်။
“ကမ္ဘာ့ ဖိနှိပ်ချုပ်ချယ်မှု အများဆုံး နိုင်ငံများထဲတွင် နှစ်ပေါင်းတာရှည် တည်ရှိခဲ့သည့် မြန်မာနိုင်ငံတွင် မဟာမိတ်ဖြစ်နိုင်ခြေ အလွန်နည်းခဲ့သည့် ခေါင်းဆောင်နှစ်ဦး၏ အောက်တွင် ပြုပြင်ပြောင်းလဲမှု စတင်လာ ခဲ့သည်” ဟု FP မဂ္ဂဇင်းက မှတ်ချက်ပြုထားသည်။
စစ်အစိုးရလက်ထက် နှစ် ၂ဝ ခန့် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည့် အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်မှာ
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်လာပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်မှာလည်း ၂ဝ၁၁ ခုတွင် သမ္မတရာထူး ရလာပြီးနောက် လွတ်လပ်စွာ ပြောဆိုခွင့် ပိတ်ပင်မှုများကို ဖြေလျှော့ပေးခဲ့ပြီး စီးပွားရေးတံခါးများ ဖွင့်ပေးခဲ့သည်ဟု ဆိုသည်။
ထိုမဂ္ဂဇင်းက ဆက်လက် ရေးသားထားရာတွင် “အပြောအဆို ညင်သာ သိမ်မွေ့သူ နိုင်ငံရေးခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဦးသိန်းစိန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ဖွယ် မရှိဟု ထင်မြင်ခဲ့ရသော်လည်း နိုင်ငံရေး ၏ စိတ်ရှှုပ်ဖွယ်ကောင်းသည့် လက်တွေ့အခြေအနေများကို လက်ခံ ပိုက်ထွေးကာ [ဦးသိန်းစိန်နှင့်] ပူးပေါင်းဆောင် ရွက်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ရုန်းကန်ကြိုးစား အားထုတ်မှှုမှာ မပြီးစီးသေးကြောင်းကိုလည်း ထောက်ပြခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှှုများ အနေဖြင့် လျှင်မြန်လွန်းနေကြောင်းနှင့် တိုင်းရင်းသားလူမျိုးစု ဒေသများတွင် အကြမ်းဖက်မှှုများ အရှိန်မြင့်တက်နေကြောင်းကိုလည်း သူက သတိပေးခဲ့သေးသည်။ မည်သို့ပင် ဖြစ်စေကာမူ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်ဟောင်းတို့ အနေဖြင့် ရေတိုသဘော တူညီချက်များကို လက်ခံကြိုဆိုလိုမှှုနှင့် မကြာသေးခင် အချိန်အထိ ကမ္ဘာပေါ်တွင် အထီးကျန်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်ခဲ့သည့် မြန်မာနိုင်ငံအတွက် ရေရှည် ရည်ရွယ်ချက် ဖြစ်သည့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို မြှင့်တင်အားပေးနေမှှုတို့မှာ ချီးကျူးဂုဏ်ပြုစရာ ဖြစ်သည်” ဟု မှတ်ချက်ပေးထားသည်။
ထိုသို့ ကမ္ဘာကြည့်ကြည့်မြင်သည့် ၂ဝ၁၂ ၏ ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ ၁ဝဝ’ ထဲတွင် ကလင်တန် စုံတွဲနှင့် လက်ရှိ သမ္မတ အိုဘားမား၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရွိုက်၊ ဂျာမဏီ အဓိပတိ အန်ဂျီလာ မာကဲ၊ သူဌေးကြီး ဂျော့ ဆိုးရော့စ်၊ IMF စီမံ ဒါရိုက်တာ ခရစ္စတင်း လာဂါဒ်၊ မြန်မာနိုင်ငံသို့ လာရောက်ဖူးသည့် တူရကီနိုင်ငံခြားရေး ဝန်ကြီး အာမဒ် ဒါဗူတိုဂလူ တို့ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
‘နိုင်ငံခြားရေး ပေါ်လစီ’ FT မဂ္ဂဇင်းကို ၁၉၇ဝ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး သုံးလတကြိမ် ထုတ်ဝေခဲ့ရာမှ ၁၉၉ဝ နောက်ပိုင်းတွင် နှစ်လတကြိမ် ထုတ်ဝေလာခဲ့သည်။ ရေးသားချက်များမှာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနှင့် အိုင်ဒီယာများ ဖြစ်သည်။ ‘ကမ္ဘာမှုပြုခြင်း အညွှန်း’ နှင့် ‘ကျရှုံးနိုင်ငံများ အညွှန်း’ တို့ကိုလည်း နှစ်စဉ် ထုတ်ဝေသည်။