ပျူစာတမ်းဖတ်ပွဲ ပိတ်ပေးရန် သူရဦးရွှေမန်း ကတိပြု

ပျူစာတမ်းဖတ်ပွဲ ပိတ်ပေးရန် သူရဦးရွှေမန်း ကတိပြု
by -
မဇ္စျိမ

တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပျက်ပြားစေရန်အတွက် ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် ‘ပျူလူမျိုးနှင့် ပျူနိုင်ငံတော်’ သုတေသန စာတမ်းဖတ်ပွဲကို ရပ်တန့်ပေးမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က မွန်ပြည်နယ်သို့ ရောက်ရှိစဉ် ပြောကြားလိုက်သည်။

ဒေသခံ တိုင်းရင်းသားများ၊ မြို့မိမြို့ဖများ၊ မွန်ပြည်နယ် အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသတွင်းရှိ နိုင်ငံရေး ပါတီ အသီးသီးမှ ပါတီဝင်များ စုစုပေါင်း တထောင်ခန့်နှင့် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် တနင်္ဂနွေနေ့က တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ကြောင်း လွှတ်တော်အမတ်တဦးက မဇ္စျိမကို ပြောသည်။

“သူ့မြို့နယ်နဲ့သူ လိုအပ်ချက်တွေကို တင်ပြကြတယ်။ လူမျိုးရေး ပဋိပက္ခ ဖြစ်စေတဲ့ ပျူစာတမ်း ဖတ်ပွဲကို ကျနော်က တင်ပြတယ်။ ပိတ်ပေးမယ်လို့ သူရဦးရွှေမန်း က ပြောလိုက်တာနဲ့ လက်ခုပ်သံတွေ ခန်းမတခုလုံး လျှံထွက်သွားတာပဲ။ အရင်က မွန်ပြည်နယ်သားတွေ ဒီအကြောင်း စိတ်မဝင်စားဘူးလို့ ကျနော်ထင်မိတာ။ လက်ခုပ်သံ ကြားရတာ ကျနော် လည်း အရမ်းကို ဝမ်းမြောက်သွားတယ်” ဟု မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ရ မှ ဒေါက်တာ ဗညားအောင်မိုး က ပြောသည်။

pu1

မွန်သမိုင်း သုတေသနအဖွဲ့ (ယာယီ) ၏ တတိယအကြိမ်မြောက် မော်လမြိုင် အစည်းအဝေးကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ ကျင်းပပြီး ‘ပျူလူမျိုးနှင့် ပျူနိုင်ငံတော်’ စာတမ်းဖတ်ပွဲအား ကန့်ကွက်ရန် ဆန္ဒပြကော်မတီ ဖွဲ့စည်းခဲ့သည်။ (ဓါတ်ပုံ - Okekansa)

ထွန်း ဖောင်ဒေးရှင်းဘဏ်၏ ကူညီပံ့ပိုးမှုဖြင့် ‘ပျူလူမျိုးနှင့် ပျူနိုင်ငံတော်’ သုတေသန စာတမ်းဖတ်ပွဲကို နိုဝင်ဘာလ ၃ဝ ရက်၊ ဒီဇင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ရန်ကင်းမြို့နယ် အတွင်းရှိ မြန်မာနိုင်ငံ ဘဏ်များအသင်းတိုက်  အဆောက်အအုံ၌ ကျင်းပမည့်အပေါ် မွန်ပညာရှင်တို့က ကန့်ကွက်ခဲ့ကြသည်။

စာတမ်းဖတ်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချစ်စံဝင်း ရေးသားသည့် ‘မြန်မာ့ဘူမိ ဖြစ်စဉ်နှင့် ပျူတို့၏ ရှေးဦးမြို့ပြနိုင်ငံ အခင်းအကျဉ်း’ စာအုပ်တွင် မွန်ပြည်နယ်အတွင်းရှိ သုဝဏ္ဏဘူမိ (သထုံ) ကို သထုံပျူမြို့၊ ဝင်းကပျူမြို့ဟု ဆိုပြီး တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဓညဝတီ အစရှိသည်တို့သည်လည်း ပျူမြို့ပြနိုင်ငံကြီးများ ဖြစ်သည်ဟု ဆိုထားသည်။

ထိုစာတမ်း ဖတ်ပွဲသို့ ပြည်တွင်း၊ ပြည်ပမှ ပညာရှင် ၆ဝ ကျော် တက်ရောက်ကာ စာတမ်းပေါင်း ၄ဝ ကျော် ဖတ်ကြား မည့်အပြင် စာတမ်းဖတ်ပွဲ နောက်ဆုံးနေ့တွင် သက်ဆိုင်ရာ ပညာရှင်များ၏ သဘောတူညီချက်ကို ကြေညာချက်အဖြစ် ထုတ်ပြန်သွားမည်ဟု ကော်မတီက ကြေညာထားသည်။

ပျူစာတမ်း ဖတ်ပွဲကို ရည်ရွယ်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် “သမိုင်းသုတေသန မှန်ကန်လုံလောက်စွာ မပြုလုပ်ရသေးဘဲ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါးကို ထိပါးနိုင်သည့် လုပ်ဆောင်ချက်များကို တားဆီး သင့်/မသင့်” မေးခွန်းကို ဒေါက်တာ ဗညားအောင်မိုး က မေးမြန်းခဲ့သည်။

ယင်းမေးခွန်း အပေါ် ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးသန်းဆွေက အဆိုပါ ပျုစာတမ်း ဖတ်ပွဲသည် ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိဘဲ နိုင်ငံတော်အဆင့် စာတမ်းဖတ်ပွဲလည်း မမည်ပါကြောင်း၊ ယင်း စာတမ်းဖတ်ပွဲမှ ကြေညာချက်သည် စာတမ်းဖတ်ပွဲကို ဦးစီးကျင်းပသော အဖွဲ့အစည်း၏ သဘောထား ယူဆချက်သာ ဖြစ်ပါကြောင်း စသည်တို့ကို ပြန်လည်ဖြေကြားခဲ့သည်။

သုဝဏ္ဏဘူမိသည် မွန်ပြည်နယ် သထုံခရိုင်အတွင်း တည်ရှိသည့် မွန်မြို့ပြနိုင်ငံ ဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့များက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည့် မော်လမြိုင် တက္ကသိုလ်သုတေသ နဌာန၏ ‘ရွှေအဆင်း ဝင်းသော သုဝဏ္ဏဘူမိ’ စာတမ်းဖတ်ပွဲတွင် သုတေသီများက သမိုင်း၊ သုတေသန၊ ဘာသာဗေဒ၊ ဥပဒေ ရှုထောင့်များမှ အသီးသီး တင်ပြခဲ့ကြသည်။

၎င်းပြင် နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ‘ဓညဝတီ (တွံတေး)၊ သုဝဏ္ဏဘူမိ (သထုံ) သည် ပျူမြို့ပြနိုင်ငံ ဖြစ်ကြောင်းကို ကန့်ကွက်ခြင်း’ ခေါင်းစဉ်ဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ဒေါက်တာချစ်စံဝင်း ထံသို့ အသီးသီး လိပ်မူပြီး မွန်သမိုင်း သုတေသနအဖွဲ့မှ ကန့်ကွက်စာ ပေးပို့ခဲ့သည်။

ပျူစာတမ်း ဖတ်ပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြရန် ပြည်နယ်ရဲတပ်ဖွဲ့မှူး အပါအဝင်၊ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ထံ နိုဝင်ဘာလ ၂၂ ရက်နေ့က အသီးသီး တင်ပြလျှောက်ထားပြီး ဖြစ်သည်။

၎င်းပြင် သံဃာတော်များ၊ မွန်ပြည်သစ်ပါတီနှင့် မွန်နိုင်ငံရေးပါတီများ၊ မွန်အမျိုးသမီး အဖွဲ့နှင့် မွန်စာပေယဉ် ကျေး မှု အဖွဲ့များ စသည်တို့ ပါဝင်သည့် မွန်သမိုင်း သုတေသနအဖွဲ့ ကလည်း ဆန္ဒပြပွဲကိုကွပ်ကဲနိုင်ရန် အတွက် ကော်မတီတရပ်ကို မော်လမြိုင်မြို့၌ နိုဝင်ဘာလ ၂၄ ရက်နေ့က ဖွဲ့စည်းထားပြီး ဖြစ်သည်။

“စာတမ်းဖတ်ပွဲကို ဖျက်သိမ်းပေးရင် ကျနော်တို့ ဆန္ဒပြပွဲကိုလည်း ဖျက်သိမ်းပေးမယ်။ တကယ်လို့ စာတမ်းဖတ်ပွဲ မဖျက်သိမ်းဘူးဆိုရင် ခွင့်ပြုချက် ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ကျနော်တို့ ဆန္ဒပြဖို့ ဆုံးဖြတ်ထားတယ်” ဟု ဆန္ဒပြ ကော်မတီတွင် ပါဝင်သူတဦးက ပြောဆိုသည်။