မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ အစည်းအဝေး ပြီးဆုံး

မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ အစည်းအဝေး ပြီးဆုံး
by -
ရွှေဟင်္သာ

SAM 1958မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ (MITU) အဖွဲ့ဝင် အခြေခံ သမဂ္ဂများ မျက်နှာ စုံညီ အစည်းအဝေးကို ယမန် နေ့၊ နေ့လည် (၂း၃၀) ခွဲ အချိန်၌ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ နိကယ် စာသင်တိုက်တွင် ကျင်းပ ပြီးစီးကြောင်း အထွေအထွေ အတွင်းရေးမှူး ဦးအောင်သူက ဆိုသည်။

“ရည်ရွယ်ချက်က အခြေခံ သမဂ္ဂတွေကို ပြန်လည် စုစည်း ညီညွတ်အောင် ပြုလုပ်ဖို့နဲ့ အမှုဆောင်သစ်တွေ ပြန်လည် ရွေးချယ်ဖို့ဖြစ်ပါတယ်။ ပြီးတော့ အခြေခံ သမဂ္ဂတွေမှာ ရင်ဆိုင်နေရတဲ့ သွေးခွဲ စည်းရုံးမှု အတွက် ကျော်လွှားမဲ့ ဆုံးဖြတ်ချက်လေးတွေ ချမှတ်ဖို့ ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။ အောင်လဲ အောင်မြင်ခဲ့ပါတယ်။” ဟု ဆိုသည်။

 အစည်းအဝေးသို့ အခြေခံ သမဂ္ဂ (၁၀) ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း (၄၈) ဦးနှင့် လေ့လာသူပေါင်း (၁၇) ဦး တက်ရောက် ခဲ့ကြသည်။

ထိုအစည်းအဝေးသို့ တက်ရောက်သော သမဂ္ဂ အဖွဲ့များမှာ- ဒဂုံ ဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့ မဏ္ဍိုင်ပလပ်စတစ် လောင်း စက်ရုံ၊ ယူနီကာလာ ဗလာစာအုပ် စက်ရုံ၊ ဒဂုံဗလာစာအုပ်နှင့် ကိုကိုဗလာ စာအုပ် စက်ရုံ၊ GTP ကွန်ကရစ်တိုင် စက်ရုံ တောင်ဒဂုံမြို့နယ်မှ TEFEL Packing စက္ကူ စက်ရုံ၊ Asia World ပီနံအိတ်စက်ရုံ ၊ မှော်ဘီမြို့နယ်မှ MGS စက်ရုံ၊NC စက်ရုံ၊ JCB စက်ရုံတို့ ဖြစ်သည်။

MITU အဖွဲ့၏ အလုပ်အမှုဆောင် ကော်မီတီ အသစ်ကို အခြေခံ သမဂ္ဂမှ ရွေးချယ်ထားသော ကိုယ်စားလှယ် (၁၅) ဦးက လျှို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ် ခဲ့ကြသည်။ အလုပ် အမှုဆောင်သစ်များမှာ ကိုရဲကျော်သူ-ဥက္ကဌ၊ မခင်နှင်းမိုး-ဒုဥက္ကဌ (၁) ၊ ကိုမျိုးသိန်း-ဒုဥက္ကဌ (၂)၊ အထွေထွေ အတွင်းရေးမှူး-ကိုအောင်သူ၊ တွဲဘက် အတွင်းရေးမှူး-ကိုဇင်မင်းသိုက်၊ ဘဏ္ဍာရေး မှူး-မဝင်းဝင်းလှိုင်တို့ ဖြစ်ကြပါသည်။

SAM 1930 thumb medium650 366

အစည်းအဝေး ဆုံးဖြတ်ချက်အရ မျက်နှာစုံညီ အစည်းအဝေးကို တလလျှင် တကြိမ် ကျင်းပ သွားရန်နှင့် ၊အလုပ် အမှုဆောင်များ၏ ဆုံးဖြတ်ချက် မရှိပဲ မည်သည့် အဖွဲ့အစည်းနှင့်မျှ ချိတ်ဆက်ခြင်း အကူအညီ ရယူခြင်းများ မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဆုံးဖြတ်ချက်ကို ချိုးဖေါက် ခဲ့ပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အားလုံး သဘောတူညီ ခဲ့ကြသည်။

MITU စက်မှုဇုံ အလုပ်သမား သမဂ္ဂများသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ပထမ အကြိမ် ညီလာခံကို ကျင်းပ ခဲ့ပါသည်။ ဤအစည်းအဝေးသည် ညီလာခံ ကျင်းပပြီး နောက်ပိုင်း ကျင်းပသော တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ဖြစ်သလို နှစ်ပတ်လည် အစည်းအဝေးလည်း ဖြစ်သည်။

MITU သည် မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူ လယ်သမား သမဂ္ဂ (AFFM)၊ မြန်မာနိုင်ငံ ကျောင်းဆရာ များ သမဂ္ဂ (PTU) နှင့် စာပေ၊ သတင်း၊ စာနယ်ဇင်းနှင့် ပုံနှိပ်ထုတ်ဝေရေး လုပ်သားများ အင်အားစု (JPPWU) တို့နှင့် မဟာမိတ်ပြုထားသော သမဂ္ဂ အဖွဲ့ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်နေကြခြင်း ဖြစ်သည်။