စက်လှေ တစ်စီးနှင့် အတူ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ချ် ၄၇ ဦးကို မြန်မာက ပြန်မောင်းထုတ်

စက်လှေ တစ်စီးနှင့် အတူ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ချ် ၄၇ ဦးကို မြန်မာက ပြန်မောင်းထုတ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်သို့  မော်တော် စက်လှေ တစ်စီးဖြင့် ၀င်ရောက်လာသော  ဘင်္ဂလားဒေ့ချ် နိုင်ငံသား ၄၇ ဦးကို မြန်မာ အာဏာပိုင်များက ပြန်လည် မောင်းထုတ်လိုက်သည်ဟု သိရသည်။

မလေးကိုု သွားရာ စက်လှေနစ်၍ အသက်ဘေးမှ လွှတ်မြောက်လာသူ ဘင်္ဂလီများ။

သူတို့ကို ကျောက်ဖြူမြို့ အနောက်ဘက် ၄မိုင်ခန့် ကွာဝေးသော ဂုံးချိန်ကျေးရွာ အုပ်စု စေပုတ်ကေရွာ ကမ်းခြေအနီးတွင် စစ်တပ်က ယမန်နေ့က ဖမ်းဆီးမိသည်ဟု ကျောက်ဖြူမြို့ခံ တဦးက နိရဥ္စရာသို့ ပြောသည်။

“မနေ့က ညနေပိုင်းမှာ ခလရ ၅၄၂ တပ်ရင်းက  စေတီပုတ်ကေ ရွာကမ်းခြေအနီးမှာ သူတို့ကို ဖမ်းဆီးမိတာ ဖြစ်ပါတယ်။ စုစုပေါင်း ၄၇ယောက်ပါ။ ဖမ်းဆီး စစ်ဆေးပြီးတော့ ပင်လယ်ပြင်ထဲကို ပြန်မောင်းထုတ် လိုက်ပါတယ်” ဟုဆိုသည်။

ယခု ဖမ်းဆီးပြီး ပြန်လွှတ်ပေးလိုက်သော သူများမှာ ဘင်္ဂလားဒေ့ချ် နိုင်ငံမှ မော်တော်ဘုတ် တစ်စီးဖြင့်  မလေးရှားသို့ ခိုးသွားရာ စက်လှေ ပျက်ပြီး ကျောက်ဖြူကမ်းခြေသို့ ဆိုက်ကပ်လာဖြင်း ဖြစ်သည်ဟု ဆိုသည်။

“စစ်တပ်က စစ်ဆေးချက်အရ သိရတာက သူတို့မလေးရှားကို သွားတာဖြစ်တယ်။ စက်ပျက်ပြီးတော့ အဲဒီရွာ အနီး မှာဆိုက်ကပ်ရတာဖြစ်တယ်ဆိုပြီး သိရပါတယ်။ အစားအစာတွေလည်း မရှိတော့ဘူး။ စစ်တပ်က အစားအစာတွေ ကူညီလိုက်တယ်လို့တော့ သိရတယ်။ လူတွေကလူလတ် ပိုင်း တွေများတယ်လို့ သိရပါတယ်” ဟုဆက်ပြောသည်။

ရခိုင် ပင်လယ်ကမ်းခြေ တလျှောက်တွင် ရေတပ် သင်္ဘော အများအပြားကို တိုးချထားသော်လည်း ကျောက်ဖြူ ကမ်းခြေသို့ မော်တော် စက်လှေနှင့် အတူ ဘင်္ဂလားဒေ့ချ်နိုင်ငံသားများ ၀င်ရောက် လာသည်ကို ရေတပ်မှ မသိရှိလိုက်ဟု ဆိုသည်။

“ဒီလူတွေက အကြမ်းဖက်လိုသူတွေ ဆိုရင် ဘယ်လို လုပ်မလဲ။ မြန်မာ ရေပြင်ပိုင်နက်ထဲကို ဒီလိုခိုးဝင်နေ တာကို ဘာကြောင့် ရေတပ်က မကာကွယ်နိုင်တာလဲ။ ဒီလိုခိုးဝင်တာကို ရေတပ်က ဘာကြောင်းမသိလိုက်ရ တာလဲ။ တော်တော် သံသယဖြစ်စရာ ဖြစ်နေပါတယ်။ ပြည်သူတွေ အကြောင်းကြားတဲ့ အတွက် စစ်တပ်က လာဖမ်းဆီးတာ ဖြစ်တယ်။ အခုလို ဖြစ်နေမယ်ဆိုရင်တော့ တိုင်းပြည် လုံခြံုရေးက အထူး စိုးရိမ်စရာပါဘဲ” ဟု ဆိုသည်။

ယခုအခါ မလေးရှားကို ခိုးသွားနေကြသည့် ဘင်္ဂလာဒေချ့် နိုင်ငံသားများသည် မြန်မာနိုင်ငံကို ကြားခံ စခန်း အဖြစ် အသုံးပြုနေကြပြီး မြန်မာနိုင်ငံမှ တဆင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားသို့ လူပွဲစားများဖြင့် ဆက်လက် ထွက်ခွာနေကြသည်ဟု သိရသည်။

လွန်ခဲ့သော လအနည်းငယ်က ဂွမြို့တွင် ဖမ်းဆီးခဲ့သော မလေးရှားသွားသည့် လှေမှောင်ခိုသမား ၁၀၀ နီးပါး ကို  ဦးဆောင်ခေါ်လာသူ ၄ ဦးခန့်မှာ မြိတ်ကျွန်းစုမှ ပသျှူး လူမျိုးများ ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ဘင်္ဂလားဒေ့ချ်နိုင်ငံထုတ် သတင်းစာများတွင် ဘင်္ဂလာဒေချ့်သို့ နယ်စပ် ဖြတ်ကျော် ခိုးဝင်လာသူ (သူတို့ အခေါ် ရိုဟင်ဂျာ ဆိုသူများကို) နေ့စဉ် ဆယ်ဂဏန်းနှင့် ချီ၍ မြန်မာ နိုင်ငံသို့ ပြန်ပို့နေကြောင်း သတင်းများ ရေးသား ဖေါ်ပြသော်လည်း ထိုလူများနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များက မည်သို့ မည်ပုံ အရေးယူဆောင်ရွက်သည်ကို တစ်စုံတစ်ရာ ယနေ့တိုင် လူသိရှင်ကြား ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

Most read this week