ရခိုင်ပါတီကို အာဏာပိုင်များ ခြိမ်းခြောက်

ရခိုင်ပါတီကို အာဏာပိုင်များ ခြိမ်းခြောက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် များကို အာဏာပိုင်များမှ လာရောက် ခြိမ်းခြောက်မှုများ ရှိနေကြောင်း သတင်း ရရှိသည်။

ပေါက်တောမြို့နယ်တွင် ခြိမ်းခြောက်ခံနေသည့် အကြောင်းကို ပေါက်တောမြို့နယ် ပါတီဥက္ကဌ ဦးမြတ်ထွန်း က ယခုကဲ့သို့ပြောသည်။

“ရဲကလာပြီး ပါတီဝင်လျောက်ထားတဲ့လူ တွေနာမည်နဲ့ မှတ်ပုံတင်နံပါတ် ကိုက်ညီမှုမရှိဆိုပြီး ခဏခဏလာပြီး ပြောနေတယ်။ မမှန်ကန်တဲ့ လူတွေပါလာရင် ပါတီကိုထိခိုက်နိုင်တယ်။ ဖျက်သိမ်းပစ်နိုင် တယ်ဆိုပြီးခြိမ်း ခြောက်နေတယ်။ ဘာမှ အရေးမကြီးတဲ့ ကိစ္စကို အရေးတကြီး လုပ်ပြီး သက်သက် ညစ်နေပါတယ်” ဟု ပြောသည်။

ပေါက်တောမြို့နယ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၂၀၀ နီးပါးရှိသည်။ နောက်ထပ် သဝင်ချောင်းကျေး ရွာမှ ပါတီဝင်အဖြစ် ထပ်မံလျှောက်လွှာတင်ထားသူ ၁၈ ဦးရှိရာ ထိုလူများကို  အာဏာပိုင်များမှလာရောက်စစ် ဆေး နေသည်ဟု  ဦးမြတ်ထွန်းက ပြောသည်။

ယခုကဲ့သို့ အာဏာပိုင်များမှ ခြိမ်းခြောက်မှုများ ရှိနေသည်မှာ ဟုတ်မှန်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ် ဒုဥက္ကဌ ဦးအေးကျော်က အတည်ပြုပြောကြားသည်။

“ပေါက်တောနဲ့ ပလက်ဝက ပါတီဝင်တွေကို အာဏာပိုင်တွေက ခြိမ်းခြောက်နေတယ်လို့ ကျွန်တော် ဆီကို အကြောင်းကြားပါတယ်။ ဒီနေ့မနက်ကဘဲ ပေါက်တောဘက်က သတင်းပို့လာပါတယ်။ စစ် တွေနဲ့တခြားမြို့ နယ်တွေမှာ ပါတီဝင်တွေကို စစ်ဆေးတာတွေရှိပါတယ်။ ပေါက်တောမှာတော့ ပါတီ ၀င်နာမည်နဲ့မှတ်ပုံတင် နံပါတ် ကွဲလွဲမှုတချို့ရှိတဲ့အတွက် လဝကနဲ့စသုံးလုံးက ပါတီကို ဖျက်သိမ်းပစ် မယ်ဆိုတာမျိုးတွေခြိမ်း ခြောက်တယ်လို့ ကျွန်တော့်ကို သတင်းပို့တယ်။ ကျွန်တော်ကတော့ ဖျက်ရင် လည်း ဖျက်သိမ်းပါစေဆိုပြီး ပြောလိုက်တယ်” ဟု ဆိုသည်။

ပလက်ဝမြို့တွင် ပါတီစည်းရုံးရေး ခရီးစဉ်အတွက် ခွင့်ပြုချက်တင်ရာတွင်လည်း အာဏာပိုင်များနှင့် မြို့နယ် ပါတီ ခေါင်းဆောင် တချို့ အငြင်းပွားမှုများလည်း ရှိနေကြောင်း ဦးအေးကျော်က ပြောသည်။

“ပလက်ဝမှာက ပါတီစည်းရုံးရေး ခရီးအတွက် ခွင့်ပြုချက် တစ်လတင်တဲ့အခါ ၁၀ ရက်ဘဲ ခွင့်ပြုချက် ပေးပါတယ်။ တခြားပါတီတွေ ဖြစ်ကြတဲ့  ကြံ့ဖွံ့တို့၊  NLD ပါတီ တို့ဆိုရင် တစ်လ  တင်ရင် တစ်လအပြည့်ပေး တယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ အာဏာပိုင်တွေနဲ့ ပါတီခေါင်းဆောင်တွေ အကြားမှာ နည်းနည်းစကားများရ တာတွေ ရှိတယ်လို့ ပလက်ဝမြို့နယ် ဥက္ကဌကလည်း ဒီနေ့ဘဲ ရုံးကိုရောက်လာပြီး ပြောပြတယ်” ဟု သူက ဆက်ပြောသည်။

ပါတီဥက္ကဌ ဦးအေးသာအောင်နှင့် ပါတီအတွင်းရေးမှူး ဦးမျိုးကျော်တို့ ဦးဆောင်သည့် အဖွဲ့မှာ ရခိုင်ပြည် နယ်အနှံ့ ပါတီစည်းရုံးရေး ခရီးဆင်း နေကြပြီး ယနေ့ လေးတောင်ကျေးရွာတွင် ရောက်ရှိကာ မနက်ဖြန်တွင် စနဲနှင့် ကျောက်ဖြူမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း အမတ်နေရာအများအပြား အနိုင်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရမှ ပါတီကိုဖျက်သိမ်းခဲ့သည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) သည်  ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုရန် တင်ပြခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကြေငြာချက်အမှတ် ၂၈/ ၂၀၁၂ ဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဝင်းကို လက်မှတ်ထိုးပြီး မှတ်ပုံတင် ခွင့်ပြုခဲ့သည်။

Most read this week