စီမံကိန်း မရပ်ဆိုင်းပါက သပိတ် စခန်းများ ရုပ်သိမ်းမည် မဟုတ်

စီမံကိန်း မရပ်ဆိုင်းပါက သပိတ် စခန်းများ ရုပ်သိမ်းမည် မဟုတ်
by -
ရွှေဟင်္သာ

ကြေးနီတောင် စီမံကိန်း ရပ်ဆိုင်းရန် တောင်းဆို ဆန္ဒပြသူများက စီမံကိန်း လုံးဝ ရပ်ဆိုင်းမှသာ မိမိတို့ဖွင့်လှစ် ထားသည့် သပိတ်စခန်းများ ရုပ်သိမ်း ပေးနိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်။

“ဦးအောင်မင်း လာရောက် ညှိနှိုင်း ပေမယ့်လို့ ကျွှန်တော်တို့ ဆန္ဒပြ နေတဲ့ တောင်သူ တွေကတော့တောင်း ဆို ထားတဲ့ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး သဘော တူညီချက် မရဘူး ဆိုရင် ကျွှန်တော်တို့ သပိတ်စခန်း တွေကို ရုပ်သိမ်းဖို့ မရှိပါဘူး၊ လယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံး ခဲ့တဲ့ ကျောင်းတော်၊ တောင်ပေါ် သပိတ် စခန်းမှာ ရှိတဲ့ သူတွေ ကလည်းပဲ ဒီစီမံကိန်း ရပ်မှ တောင်အောက်ကို ဆင်းမယ်လို့ ပြောသွားတယ်” ဟု သပိတ် စခန်းတွင် ရောက်ရှိ နေသည့် မြန်မာနိုင်ငံ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသား များ ကွန်ယက် တာဝန်ခံ ကိုသောင်းထိုက်က ပြောသည်။

စီမံကိန်း လုံးဝ ဖျက်သိမ်းပေးရေး ဆန္ဒပြ တောင်းဆိုမှုကို မိမိ အနေနှင့် ချက်ခြင်း လုပ်ဆောင် ပေးနိုင်မည် မဟုတ် သော်လည်း သမ္မတ ကြီးထံ တင်ပြ သွားမည်ဟု ဦးအောင်မင်းမှ ဆန္ဒပြသူ များနှင့် တွေ့ဆုံ စဉ် ပြောကြား ခဲ့သည်ဟုလည်း ဆိုသည်။

ဆန္ဒပြသူ များက တောင်ပေါ်တွင် သပိတ်စခန်းဖွင့်၍ လုပ်ငန်းခွင်သို့ စီမံကိန်း ကားကြီးများ မဝင်ရောက်နိုင် အောင် အဓိကထား တားဆီးနေကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြ နေသည့် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းသို့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး သတ္တုတွင်း ဝန်ကြီးဌာန ဦးသိန်းထိုက်နှင့် ဦးလှမောင်ရွှေတို့ နိုဝင်ဘာလ (၂၃) ရက်နေ့က သွားရောက် ခဲ့ပြီး ဆန္ဒပြသူများနှင့် တွေ့ဆုံကာ အချက်အလက်များ ကောက်ယူ ခဲ့သည်ဟု ခရီးစဉ်တွင် လိုက်ပါသွားသူ ဦးလှမောင်ရွှေက ပြောသည်။

“မနေ့က လေးနာရီ လောက်ကနေ ခြောက်နာရီ လောက်အထိ နှစ်နာရီ ကျော်ကျော် လောက်တော့ ဆွေးနွေး တယ် သူတို့ ပြောတာ နားထောင်တယ်၊ ဝန်ကြီးကနေပြီးတော့ သူတို့ ပြောတာ မှတ်တမ်းတင် ရေးမှတ် ထားတယ်၊ အဆုံးအဖြတ် အနေနဲ့တော့ ပေးခဲ့ တာမျိုးတော့ မရှိပါဘူး” ဟု ဦးလှမောင်ရွှေက ပြောသည်။

“ဦးအောင်မင်း လာတုန်း ကလည်း ဒေသခံ တွေက ကြေးနီ စီမံကိန်း လုံးဝ ဖျက်သိမ်း ပေးပါလို့ တညီတညာ တည်းပဲ အော်လိုက် ကြတယ်” ဟု ကိုသောင်းထိုက်က ပြောသည်။

Let pan taung 12
နိုဝင်ဘာလ (၁၉) ရက်နေ့ သမ္မတ အိုဘားမား မြန်မာနိုင်ငံ ရောက်ရှိနေစဉ် လက်ပံတောင်း ကြေးနီ စီမံကိန်း လုံးဝ ရပ်တန့် ရေးအတွက် ဒုတိယ သပိတ်စခန်း ဖွင့်လှစ် လိုက်ပုံ (ဓါတ်ပုံ - ပွင့်လင်းမုံရွာ)

ကုမ္ပဏီရပ်ဆိုင်း ပေးရန် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာ ဝမ်ပေါင် ကုမ္ပဏီအရှေ့နှင့် တောင်ပေါ်သို့ သွားရာ အချက်အချာ ကျသည့် နေရာများ၌ သပိတ် စခန်း (၆) ခု ဖွင့်လှစ်၍ သံဃာတော်များ အပါအဝင် ဒေသခံ ပြည်သူ လူထု (၂၀၀၀) ခန့် ယနေ့အထိ ကြွေးကြော်သံများဖြင့် ဆန္ဒပြ လျက် ရှိသည်။