ကယားပြည်နယ်ဒီးမောဆိုမြို့နယ် ဆောင်ဒူရွာသစ်ဒေသ မှာ ဘိလပ်မြေ စက်ရုံနဲ့ ကျောက်ပြားစက်ရုံတည် ဆောက်ဖို့ အတွက် “လေးပွင့်ကြယ်” ကယန်းဒေသဖွံ့ဖြိုးရေး ကုမ္ပဏီ လိမိတက် မှ စီစဉ်ဆောင်ရွက် နေပြီလို့ သိရပါတယ်။
လက်ရှိ ကုမ္ပဏီမှ ရာထားသော မြေနေရာမှာ ဆောင်ဒူ အုပ်စုတွင်းမှာ ဖြစ်ပေမဲ့ အနီးနားမှာရှိတဲ့ ဒေါဘူးကူးအုပ် စု၊ ၀ါသောခိုအုပ်စု နှင့် ဆောင်ဒူအုပ်စု အတွင်းရှိဒေသခံတွေရဲ့ မြေယာများပါ၀င်ထိခိုက်နိုင်တဲ့အတွက်ကြောင့် ဒေသခံအများစုက စက်ရုံ တည်ဆောက်မှုကို သဘောမတူကြပါဘူး။
“ဘိလပ်မြေစက်ရုံကို ရွာအရှေ့ဖက်မှာလာထောင်တော့ မယ်ဆိုတော့.. ဘိလပ်မြေ စက်ရုံဆိုတာ ဒေသခံ ကျေးရွာလူထုအတွက် အန္တာရယ်ရှိနိုင်တယ်။ ကျနော်တို့ စိုက်ပျိုးရေးအတွက်လည်း မကောင်းဘူးဆိုတော့လေ..။ ဟုတ်လားမဟုတ်လားဆိုတာလည်း ကျနော်တို့မသိပါဘူး။ ဒါပေမဲ့ သူများတွေက ဒီလိုပြောပြကြတော့ ကျနော်တို့စဉ်းစားရမယ်။ အဲလိုဆိုတော့ ရွာသူရွာသားတွေအနေနဲ့ သဘောမတူဘူး ကန့်ကွက်မယ်လို့ပြော တယ်။” လို့ လားလဲကျေးရွာ အုပ်ချုပ်ရေးမှုး ဦးဆော်ရယ်က ပြောသွားတာပါ။
စက်ရုံတည်ဆောက်ဖို့ရာထားတဲ့ မြေနေရာကို တာဝန်ရှိသူများမှ လာရောက်မှတ်သားခြင်းများကိုလွန်ခဲ့တဲ့ အောက်တိုဘာလ ကတည်းကလာရောက်တိုင်းတာ ခဲ့ပြီး နိုင်ငံခြားသားများလည်း နှစ်ကြိမ်တိုင်တိုင်လာရောက် ခဲ့ပြီးဖြစ်ကြောင်းတွေ့မြင် ခဲ့တဲ့ ဒေသခံများထံမှသိရှိရပါတယ်။
၎င်းနေရာနဲ့အနီးဆုံးဖြစ်တဲ့ ဆောင်ဒူရွာသစ်ဟာ အနီးနားတဝိုက်မှာရှိတဲ့ ရွာတွေနဲ့နှိုင်းယှဉ်ရင် ဒေသဖွံ့ဖြိုးမှု နှင့်လမ်းပန်းဆက်သွယ်ရေး အနိမ့်ကျဆုံးရွာလေး ဖြစ်ပါတယ်။
ဆောင်ဒူရွာသစ် အုပ်ချုပ်ရေးမှုး ဦးမောင်နီက “အကယ်၍ အဆင်ပြေရင် မီးနဲ့ရေအတွက်အဆင်ပြေလာမယ်။ အဆင်ပြေရင်တော့ ဒီနေရာ ဟာမြို့ဖြစ်ရမယ်လို့ အဲလိုပြောတယ်။ မြို့အဖြစ်တည်ရမယ်လို့ပြောတယ်။……. ကျနော်တယောက်အနေနဲ့ကတော့ အကယ်၍ မီးနဲ့ ရေနဲ့ရ ရင်တော့ ကျနော်လိုချင်တာပေါ့။ မီးနဲ့ရေနဲ့ပေါ့။ ဒါပေမဲ့ ယာမြေပိုင်ရှင်တွေ တွေပဲလိုတာပါလို့ ကျနော်ပြောလိုက်တယ်။ “ လို့ပြောပါတယ်။
အခုလိုဆောင်ဒူရွာသစ်မှာ ဘိလပ်မြေစက်ရုံနဲ့ ကျောက်ပြားစက်ရုံတည်ဆောက်မယ့် ကိစ္စနဲ့ပါတ်သက်ပြီး ကန္တာရဝတီတိုင်းမ် မှ ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစောလွင်ထံဆက်သွယ်မေးမြန်းရာမှာတော့ “အဲဒီကုမ္ပဏီအနေနဲ့ကလည်း ဒီဘိလပ်မြေစက်ရုံကိုလုပ်မယ်ဆိုတာက လုပ်ဖို့ အစီအစဉ်ရှိတာပေါ့။ အစီအစဉ်ရှိတဲ့နေရာမှာ ဒေသခံပေါ့ဗျာ ဒီမြေယာတွေနဲ့သက်ဆိုင်တဲ့မြေ ယာတွေကိုပိုင်ဆိုင်တဲ့ပြည်သူလူထု ရဲ့သဘောတူညီမှုရမှ လုပ်သွားမယ်လို့ သိပါတယ်။……..အခုလုပ်ဆောင်နေတဲ့အဆင့်ကတော့ အဲဒီဒေသခံ သက်ဆိုင်တဲ့သူတွေပေါ့နော မြေယာပိုင်ဆိုင်တဲ့ပြည်သူလူထုရဲ့ သဘောတူညီမှုကိုရရှိအောင်ကြိုးစားနေတဲ့ အဆင့်ပဲရှိပါသေးတယ်။ ကျန်တဲ့ အဆင့်တော့ဘာမှမရှိသေးဘူး။” လို့ပြောပါတယ်။
ကယန်းပြည်သစ် ပါတီဖက်မှ အခုလိုဒေသခံတွေရဲ့သဘောဆန္ဒကိုရယူမယ် လို့ဆိုပေမဲ့လည်း လားလဲရွာမှ ရွာမိရွာဖ ၃ ဦးလောက်ကိုသာ တွေ့ဆုံဆွေးနွေးသွားတယ်လို့ သိရပါတယ်။
“သူ့နည်းလမ်းအတိုင်းပဲသွားရမှာပေါ့.. သဘောအားဖြင့် သက်ဆိုင်ရာဘယ်နေရာဖြစ်ဖြစ်ကျနော်တို့သွား ရတော့မှာပေါ့။ ဒီကတောင်သူတွေကဘာပြောလဲဆိုရင် ခင်ဗျားလူကြီးတယောက်ဖြစ်တဲ့အတွက် ကျနော်တို့ကို ဦးဆောင်လုပ်ပေးရမယ်။ ဆိုတဲ့အတွက် ကျနော်က လိုက်လုပ်ရေးရတော့မှာပေါ့။ သွားသင့်ရင်လည်းသွားရမှာပဲ လေ။ ပြည်နယ်ဝန်ကြိး၊ ၀န်ကြီးချုပ်ဆီပဲဖြစ်ဖြစ် ကျနော်တို့သွားရတော့မယ်။” လို့ ဒေါဘူးကူးအုပ်စုမှ ရွာမိရွာဖ ဦးရီရယ်ကပြောပါတယ်။
မိမိတို့မြေယာပေါ် အမှန်တကယ်ဆေက်လုပ်လာလျှင် ဒေသခံများရဲ့ သဘောထားနဲ့လုပ်ဆောင်မယ့်အခြေအ နေတွေကိုပြောပြ သွားတာပဲဖြစ်ပါတယ်။ ယခင်က ကျေးရွာမှာ ဆောက်လုပ်အသုံးပြုထားတဲ့ ကျောက်မီးသွေး စက်ရုံကြောင့် အနီးနားမှာ ရှိတဲ့ဒေသခံတွေရဲ့ စိုက်ပျိုးရေးတွေထိခိုက် ခဲ့ပါတယ်။
အဲဒီသာဓကကြောင့်လည်း အခုလို မိမိတို့ဒေသအတွင်း စက်ရုံလာရောက်တည်ဆောက်မှုကို စိုးရိမ်မိကြောင်း ဦးရီရယ်ကဆက်ပြောသွားပါတယ်။
“လေးပွင့်ကြယ်” ကယန်းဒေသဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လိမိတက်မှ စက်ရုံအတွက် ရာထားသောမြေနေရာမှာ ဆောင်ဒူရွာသစ် နှင့်အနီးဆုံးဖြစ်ပြီး ဧက (၇၀၀)ကျော်နှင့်အထက် ရှိမှသာလျှင် စက်ရုံအင်္ဂါရပ်နှင့်အညီဆောက် လုပ်နိုင်မယ်လို့ သိရပါတယ်။
ဆောင်ဒူရွာသစ်ရဲ့ ပထဝီအနေအထားမှာ ကုန်ကြမ်းတွေဖြစ်တဲ့ ထုံးကျောက်တွေ အနီးအနားမှ လွယ်ကူစွာ ရရှိနိုင်ခြင်းကြောင့် မြေနေရာရွေးခြယ် ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
၎င်းအနီးမှာ ထျေးကယ်ဆို ၊ ဒေါကုဆို ၊ နှင့် သဲတောင်တွေရှိပြီး ဒေသခံတွေက အဲဒီတောင်တွေမှာထုံးဖုတ်လုပ် ငန်း တွေလည်း ပြုလုပ်ကြတယ်လို့သိရပါတယ်။