ဖမ်းဆီးခံ ရခိုင်အမျိုးသား (၆) ဦး စစ်တွေတွင် ဒုတိယ အကြိမ် ရဲက ရမန်ယူ

ဖမ်းဆီးခံ ရခိုင်အမျိုးသား (၆) ဦး စစ်တွေတွင် ဒုတိယ အကြိမ် ရဲက ရမန်ယူ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ဖမ်းဆီးခံထားရသော ရခိုင်အမျိုးသား ၆ ဦးကို စစ်တွေတွင် ရဲတပ်ဖွဲ့က နောက်ထပ် ရမန် (၆) ရက် ယူသည်ဟု သတင်း ရရှိသည်။

မြောက်ဦးမြို့မှ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ ပြောင်းရွှေ့ လာပြီးနောက် ဒုတိယ အကြိမ် ရမန်ယူကာ စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ကို မြောက်ဦးကနေ ပြောင်းရွှေ့ ယူလာက ရက်ပေါင်း ၂၀ လောက်ရှိပါပြီ။ အခု နောက်ထပ် ရမန်ယူပြီး စစ်ဆေးနေပါတယ်” ဟု သူတို့အမူကို လိုက်ပါ ဆောင်ရွက်ပေးမည့် ရှေ့နေမကြီး ဒေါ်အေးနုစိန်က ပြောသည်။

ယခု ရမန်ယူကာ စစ်ဆေးနေတုန်း ဖြစ်သဖြင့် မည်သည့် အမူဖြင့် တရားစွဲဆိုမည်ကို မသိရသေးကြောင်း သူမက ဆက်ပြောသည်။

ယခု ဖမ်းဆီး စစ်ဆေးခံရသူများမှာ မြောက်ဦးမြို့နယ် ယိုင်သည်ကျေးရွာမှ ဦးဇော်မိုးနိုင်၊ ဦးဇော်မိုးထွန်း လေးမြို့သား ကျေးရွာမှ ဦးတင်လှ၊ သံရွှင်ပြင်ရွာမှ ဦးပြေသိန်းအောင်၊ ဦးဦးမောင်ကျော်လိုင်နှင့် ဦးမောင်သိန်းတို့ ဖြစ်ကြသည်။

“ရမန်က ဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မ ၃၀၂ (၂) နဲ့  ယူထားတာပါ။ စစ်တွေမြို့မရဲစခန်းမှာ ဖြစ်ပါတယ်။ အမူစွဲမတင်သေးတဲ့ အတွက် ရဲစခန်းမှာ ချုပ်ထားပြီး ထောင်ကို မပို့သေးတာပါ” ဟု ဆိုသည်။

သူတို့ (၆) ဦးအား မြောက်ဦးမြို့နယ် ယိုင်သည် မွတ်ဆလင် ကျေးရွာ မီးရှို့ တိုက်ခိုက်မူနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရထားရခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week