ချင်းပြည်နယ် နယ်စပ်ရှိ အစိုးရတပ်ကြောင့် ကုန်သည်များ အခက်အခဲဖြစ်

ချင်းပြည်နယ် နယ်စပ်ရှိ အစိုးရတပ်ကြောင့် ကုန်သည်များ အခက်အခဲဖြစ်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ အိန္ဒိယ နိုင်ငံဘက်သို့ သယ်ယူရောင်းချနေသည့် ကျွဲ၊ နွား များအား နယ်စပ်တာဝန်ကျ အစိုးရတပ်က ဖမ်းဆီး၍ ပြန်လည် ရွေးယူခိုင်းနေကြောင်း ကုန်သည်များက ပြောသည်။

အန္ဒိယ-မြန်မာနယ်စပ်ရှိ စဘောင်းသဲ တပ်စခန်းတွင် တာဝန်ထမ်းဆောင် နေသည့် ခြေလျင်တပ်ရင်း ခလရ ၁၄၀ က ဒု-တပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ထိုက်နှင့် အင်အား ၆ ဦး ပါ အဖွဲ့က ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ကုန်သည် တဦးက အခုလို ပြောဆိုသည်။

“ကျွဲ ရ ကောင်အတွက် အိန္ဒိယလုပ် ရူပီး နှစ်သောင်းတန် solar တလုံး၊ ရူပီး ၅ ထောင်တန် Mobile Handset တလုံးနဲ့ ရွေးယူဖို့ ဖြစ်တယ်၊ အဲဒါကို စဘောင်းသဲရွာ အုပ်ချုပ်ရေးမှူးက အာမခံပေးရတယ်” ဟု ကုန်သည်တဦးက ပြောသည်။

နို၀င်ဘာလ (၁၃) ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ကျွဲ (၇) ကောင်နှင့် ကုန်သည်များ၏ နိုင်ငံသား မှတ်ပုံတင် ကဒ်ပြားများအား သိမ်းယူထားကာ ပြန်လည်ရွေးယူရကြောင်း ၎င်းက ဆက်ပြောသည်။

အိန္ဒယ နိုင်ငံထုတ် solar ပြားနှင့် mobile ဖုန်းဝယ်ပေးရပါက ကုန်သည်များအတွက် အမြတ်မကျန်တော့ကြောင်း နှင့် ခြံပေါက် တရိစ္ဆာန်များကို ရောင်းရငွေဖြင့် မီဇိုရမ် ပြည်နယ်မှ ဆန်ပြန်ဝယ်စားရ သည်ဟုလည်း ဆိုသည်။

ထို့အပြင် အခြားကုန်သည်များထံမှ နွားနောက် (၁၀) ကောင်အား ဖမ်းဆီး၍ ငွေဖြင့် ပြန်ရွေးခိုင်းကြောင်း “နောက်ထပ် ဖမ်းတဲ့ နွားနောက်တွေကိုတော့ ဘယ်လို ဆက်ဖြစ်သလဲ မသိဘူး၊ ခင်ဗျားတို့ မရာ(ချင်း)တွေ လူလည် လုပ်တယ်ဆိုပြီး ပါးရိုက်သေးတယ်” ဟု ဆိုသည်။

သို့သော် ယင်းကိစ္စများအပေါ် သီးခြားအတည်ပြုချက် မရရှိသေးပါ။

ယခုနှစ်အတွင်း မတူပီမြို့နယ် မရာဒေသရှိ ချင်းပြည်သူများ စိုက်ပျိုးထားသည့် တောင်ယာမှ တနှစ်စာအတွက် လုံလောက်သည့် စပါးမရရှိကြောင်းနှင့် ဆန်ဝယ်စားရကြောင်း ဒေသခံများကပြောသည်။

“အစိုးရစစ်တပ်တချို့ဟာ ပြည်သူရှေ့မှောက်မှာတော့ လူမှု ဆက်ဆံရေး ကောင်း သယောင်ယောင်နဲ့ ကွယ်ရာမှာတော့ မဟုတ်ပြန်ဘူး” ဟု ဒေသခံ တဦးက ပြောဆိုသည်။

နို၀င်ဘာ ဒုတိယပတ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ကစထ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ချင်းပြည်နယ်သို့ လာရောက်စဉ် ဗိုလ်မှူးသန်းဇော်ထိုက်နှင့် အဖွဲ့က လုံခြံုရေး အကြောင်းပြချက်ဖြင့် စစ်ဆေးဖမ်းဆီးခြင်း ဖြစ်သည်။

Most read this week