နိုင်ငံရေးဆွေးနွေးရန် KIO ဘက်မှ အကြောင်းမပြန်နိုင်သေး

နိုင်ငံရေးဆွေးနွေးရန် KIO ဘက်မှ အကြောင်းမပြန်နိုင်သေး
by -
မဇ္စျိမ

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းနှင့် ပြန်လည်တွေ့ဆုံရန် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ လက်တလော အဆင်သင့် မဖြစ်သေးကြောင်း သိရသည်။

အောက်တိုဘာလ ၃ဝ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံစဉ် နိုဝင်ဘာလအတွင်း နိုင်ငံရေး စတင်
ဆွေးနွေးရန် သဘောတူခဲ့သည်။ သို့သော် KIO အဖွဲ့တွင်း အစည်းအဝေး မပြီးပြတ်သေး၍ ပြန်လည်တွေ့ဆုံရန် အသင့်မဖြစ်သေးကြောင်း သိရသည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဦးအောင်မင်း ထံ ကြာသပတေးနေ့က ဆက်သွယ်မေးမြန်းစဉ်ကလည်း အစိုးရဘက်မှ KIO ၏ တု့ံပြန်မှုကို စောင့်ဆိုင်းနေ ဆဲဟု ဝန်ကြီးက ပြောဆိုကြောင်း ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။  

“ဘယ်နေ့ လုပ်မယ် ဆိုတာ တပတ် ကြိုတင်အကြောင်းကြားဖို့ ပြောလာတာကို စောင့်နေပါတယ်။ ဘယ်တော့ အကြောင်းကြားလာ မယ်ဆိုတာကို စောင့်နေတယ်လို့ ပြောတယ်။ KIO ဘက်ကို ကျနော်တို့ မေးကြည့်တော့ သူတို့ စည်းဝေးနေသေး တယ်လို့ ပြောပါတယ်။ စည်းဝေးပြီးမှ အကြောင်းပြန်ကြားလာမယ်လို့ ပြောတယ်” ဟု မဇ္စျိမကို ပြောသည်။

နိုင်ငံရေး ဆွေးနွေးမည့် နေရာအား မြစ်ကြီးနား၊ ဗန်းမော် သို့မဟုတ် ရှမ်းပြည်နယ် မူဆယ်မြို့ တနေရာရာတွင်
တွေ့ဆုံရန် လွန်ခဲ့သည့် ဆွေးနွေးပွဲအတွင်း သဘောတူထားကြသော်လည်း တွေ့ဆုံရန် ဆုံးဖြတ် ပြီးမှသာ ပြန်လည် ညှိနှိုင်းမည်ဟု ဆိုသည်။

တချိန်တည်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း KIO တပ်မဟာ ၄ နယ်မြေများအတွင်း အစိုးရတပ်နှင့် KIO တပ်များ အကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက် ရှိသည်။

ထို့ပြင် အစိုးရတပ် အင်အား ၁,ဝဝဝ ခန့် မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်းအတိုင်း တိုးမြင့်ချလာသဖြင့် ဒေသခံ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးအင်ဆင်းဆန့်အောင် က ပြောသည်။

“အရင်တပတ်က ဆွမ်ပရာဘွမ်၊ ပူတာအို သွားတဲ့လမ်းတလျှောက် တန်ယန်ဇွပ် အထက်ပိုင်းမှာရှိတဲ့ ရွာသားတွေက အကုန်ထွက်ပြေးကုန်ပြိီ၊ သူတို့က စစ်ပြေးဒုက္ခသည် မဟုတ်ဘဲ ကိုယ့်ဖာသာကိုယ် တောတွေမှာ ထွက်ပြေးနေရတယ်။ တပ်မ ၃၃ စစ်သား တထောင် တက်လာတယ်ဆိုပြီး ထွက်ပြေးနေတယ်လို့ ကြားတယ်” ဟု မဇ္စျိမကို
ပြောသည်။

အစိုးရနှင့် KIO တို့ (၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲထားရာမှ တကျော့ပြန် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလ တနှစ်ခွဲခန့်အတွင်း စစ်ပြေးဒုက္ခသည် သိန်းနှင့်ချီ၍ မြို့ပေါ် ဒေသများနှင့် တရုတ်မြန်မာ နယ်စပ်ဒေသများသို့ ထွက်ပြေး ပုန်းရှောင်ခဲ့ရသလို နှစ်ဘက်ကိုယ်စားလှယ်များ (၁၀) ကြိမ်ထက် မနည်း တွေ့ဆုံပြီးသော်လည်း တစုံတရာ သဘောတူညီမှု မရသေးပါ။

Most read this week