အပြစ်မဲ့ ရခိုင်အမျိုးသမီး ပြန်လွတ်ပေးရန် RWU မှ သမ္မတထံ တောင်းဆို

အပြစ်မဲ့ ရခိုင်အမျိုးသမီး ပြန်လွတ်ပေးရန် RWU မှ သမ္မတထံ တောင်းဆို
by -
နိရဥ္စရာ

ထောင် (၂) နှစ် ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ် မောင်တောမြို့မှ ရခိုင်အမျိုးသမီး တစ်ဦးအား ခြွင်းချက် မရှိ ပြန်လွှတ်ပေးရန် ရခိုင်အမျိုးသမီး အစည်းအရုံး (RWU) က သမ္မတ ဦးသိ်န်းစိန်ထံ မေတ္တာရပ်ခံစာပေးပို့ လိုက်သည်။

RWU အဖွဲ့ဝင်များ ဒက္ကားတွင် ဒီမိုကရေစီရေး အတွက် ဆန္ဒပြနေကြစဉ်။

သမ္မတ ဦးသိန်းစိန်၏ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းသား ၆၆ ဦးကို နိုဝင်္ဘာလ ၁၉ ရက်နေ့က ထပ်မံ လွှတ်ပေးခဲ့သည်။

မောင်တောမြို့မှ အမျိုးသမီးငယ် တစ်ဦးအား ဒက္ကားမြို့ရှိ (RWU) ရုံးသို့ ပညာသင်ကြားရန် ပို့ဆောင်ခဲ့သည့် ဒေါ်မသိန်းအား လူကုန်ကူးသည့် စွပ်စွဲချက်ဖြင့် ယခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့က ဖမ်းဆီးခဲ့ပြီး မောင်တောမြို့နယ် တရားရုံးမှ ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့သည်။

အကျဉ်း ကျနေသည့် ဒေါ်မသိန်းသည် လူကုန်ကူးသည့် အမျိုးသမီး တစ်ဦး မဟုတ်ဘဲ လူမူရေး အရ ကူညီရာမှ ဖမ်းဆီး ထောင်ချခံရသဖြင့် သူမ လွှတ်မြောက်ရေး အတွက် ယခုလို တောင်းဆို ရခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံးမှ ရုံးအုပ်ချုပ်ရေးမှူး ဖြစ်သူ မစောအသိန်းက နိရဥ္စရာသို့ပြောသည်။

“ဒေါ်မသိန်းက အကျွန်တို့ အဖွဲ့ အစည်းနဲ့လည်း ဆက်စပ်မှု မရှိပါ။ နိုင်ငံရေးထဲမှာလည်း ပါ၀င် ပတ်သက်သူ မဟုတ်ပါဘူး။ သက်သေ အထောက်အထားလည်း မရှိဘဲနဲ့ လုပ်ကြံဖန်တီးပြီး ထောင်ချ ခံရတဲ့ အတွက် သူမ လွှတ်မြောက်ရေး အတွက် သမ္မတကြီးဆီကို စာရေး တောင်းဆိုရတာပါ” ဟု ဆိုသည်။

ထို့အပြင် ဒေါ်မသိန်း အဖမ်းခံရပုံနှင့် ပတ်သက်၍ “ဖြစ်ပုံကဒီလိုပါ။ မခင်မြတ်ဆိုတဲ့ မောင်တောက ၁၀ တန်းအောင်တဲ့ အမျိုးသမီးငယ် တစ်ဦးက ဒက္ကားမှာရှိတဲ့ အကျွန်တို့ဆီကို လာပြီး ပညာဆည်းပူးချင်တယ် ဆိုပြီး ဒေါ်မသိန်းကို အကူအညီ တောင်းရာကနေ ဒေါ်မသိန်းက ကူညီပေးတာ ဖြစ်ပါတယ်။ အဲသလို လာတာကို သူမရဲ့ ပထွေး ဖြစ်သူက မသိလိုက်ဘူး။ အဲဒါကို မကျေနပ်ရာကနေ အာဏာပိုင်တွေကို လူမှောင်ခို ကူးတယ်။ ပြည်ပမှာရှိတဲ့ တရားမဝင် အမျိုးသမီး အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး တိုင်ကြားတဲ့ အတွက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

ဒေါ်မသိန်းသည် အသက်(၈၀) အရွယ် မသန်စွမ်းသူ မိခင်နှင့်  (၁၁) နှစ်အရွယ် သမီးငယ် တဦးတို့အား နေ့တဓူဝ ရုန်းကန်၍ ကျွေးမွေးစောင့်ရှောက်နေသူ တဦးဖြစ်ကြောင်းနှင့် ယခုအခါ သူမ၏ မိသားစုများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

Most read this week