တရုတ်နိုင်ငံ ကျယ်ဂေါင်(၀်) မြို့နှင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ အဝင်အထွက် ဂိတ်တစ်ခု ဖြစ်သည့် မန်ဝိန်ကြီးဂိတ် အတွင်း လုံခြုံရေးယူထားသော မြန်မာရဲကင်းအနီး လောင်းကစားဝိုင်း ၁၀ ခုထက်မနည်း ဖွင့်လှစ်ထားကြောင်း သိရသည်။
၆ ကောင်ဂျင် ၊ သျှမ်းကိုးမီး ၊ ဖိုက်ကျိုး နှင့် ဂျင်ဝိုင်းများ ပါ၀င်သည့် လောင်းကစားဝိုင်းများ ဖြစ်ပြီး မြန်မာ ကုန်ကားမောင်း သမားများ ၊ ကုန်တင်ကုန်ချ အလုပ်သမားများ လာရောက်ကစားကြကြောင်းနှင့် ရာဇဝတ် မှုများ မကြာခဏ ဖြစ်ပွားနေသော်လည်း အရေးယူမှု မရှိကြောင်း မူစယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“စိန်ကမ္ဘာတည်းခိုခန်း အနောက်ဘက် အဲဒီမှာမန်ဝိန်းရဲကင်းဆိုတာရှိတယ်၊ ရဲကင်းနဲ့ဆိုရင်ပေ ၁၀၀ လောက်ပဲဝေးတယ်၊ လောင်းကစားဝိုင်းက ကားသမားတွေကိုအဓိကထားတာ၊ အသေးလေးတွေပဲပေါ့နော်၊ နံမည်တွေဘာတွေ တပ်ပြီးဖွင့်တာ မဟုတ်ဘူး၊ တဲအိမ်လေးတွေငှားပြီးတော့လုပ်နေကြတယ်၊ လောင်းကစားဝိုင်း တန်းလျား လိုဖြစ်နေတာ အဲဒီနားလေးမှာက ၈ ခုလောက်ရှိတယ် ” ဟု မြို့ခံက ဆိုသည်။
လောင်းကစားလုပ်သည့် ကားသမားတချို့ အလောင်းအစားရှုံးသဖြင့် အိမ်သို့ ငွေပြန်မအပ်နိုင်သူများရှိပြီး ခိုက်ရန် ဖြစ်ပွား မှုများလည်း ရှိကြောင်း သူက ဆက်ပြောသည်။
“မန်ဝိန်းပေါက်နားမှာ ကားကြီးသမားတွေဆို တချို့အိမ်ပြန်ပိုက်ဆံမအပ်နိုင်ဘူး တချို့ဆိုရင်လည်း အကြွေး တွေ တင် တခြားအလုပ်သမားတွေ ရောအဲလိုပဲ လုတာတွေ ရန်ဖြစ်တာတွေကတော့ တောက်လျှောက်ရှိနေ တာပဲ ပြည်သူ့စစ်ဖွင့်တဲ့ လောင်းကစားဝိုင်းမှာဆို ရိုက်ပွဲက တစ်ပတ် တစ်ခါလောက်ဖြစ်နေတာ” ဟု ဆိုသည်။
လွန်ခဲ့သည့် အောက်တိုဘာလက မူစယ်မြို့ စွမ်စော်ရပ်ကွက်အတွင်း သီတင်းကျွတ်ပွဲနှင့်အတူ ရပ်ကွက်ဥက္ကဋ္ဌမှ လောင်းကစားဝိုင်းများ ဖွင့်ခွင့်ပြုခဲ့ရာ ယခုအဆိုပါပွဲပြီးဆုံးသွားသော်လည်း ကစားဝိုင်းများမှာမြို့တွင်းလမ်း ဘေး များတွင် ဆက်ဖွင့် ထားဆဲ ဖြစ်ကြောင်း သိရသည်။