သစ်ခိုးထုတ်သည့် မြန်မာအဖွဲ့ ထိုင်းအာဏာပိုင် ဖမ်းမိ

သစ်ခိုးထုတ်သည့် မြန်မာအဖွဲ့ ထိုင်းအာဏာပိုင် ဖမ်းမိ
by -
ရွှေဟင်္သာ

ထိုင်းအမျိုးသား ဥယျာဉ်ပိုင် သစ်များအား တရားမဝင် ခိုးထုတ် နေသည့် မြန်မာနိုင်ငံသား အဖွဲ့တစ်ခုအား ယမန်နေ့က စံခလဘူရီ ခရိုင် ပလိုင်းနွစ် ရွာတွင် ထိုင်းအာဏာပိုင် များမှ ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။

ကန်ချနပူရီ အခြေစိုက် တပ်မ (၉) မှ နယ်မြေ စိုးမိုးရေး စစ်ကြောင်း၊ စံခလဘူရီ အခြေစိုက် နယ်ခြားစောင့် အထူးတပ် ၁၄၀၆၊ နယ်ခြားစောင့်တပ် ၁၃၄၊ ထွမ်ဖာဖုန်မြို့နယ် အမျိုးသား ဥယျာဉ် လုံခြံုရေး ပူပေါင်း အဖွဲ့က ဖမ်းဆီး မိခဲ့ခြင်း ဖြစ်သည်။

 “သူတို့တွေ သစ်ကို ခွဲစိတ် နေကြတုန်း ဖမ်းမိတာ၊ နေ့လည် ၁၀ နာရီ ၅၅ မိနစ် မှာပေါ့၊ ကျွှန်တော်တို့ နိုင်ငံပိုင် သစ်တောတွေ ပြုန်းတီး ရပါတယ်၊ အခု အချုပ်ခန်းထဲ ထည့်ပြီး အမှု ဖွင့်ထား ပါတယ်” ဟု စံခလဘူရီ ဒေသခံ ရဲအရာရှိ တစ်ဦးက ပြောသည်။

PB210744 bnm

သစ် ဆွဲရာတွင် အသုံးပြုသည့် ဆင်နှစ်ကောင်၊ စတန်းစက် တစ်လုံး၊ ခွဲစိတ်ပြီး သစ်ပြား (၂၂) ချပ်နှင့် မခွဲစိတ် ရသေးသည့် ပိတောက်သား (၁) တုံး၊ ထိုင်းနိုင်ငံက တားမြစ်ထားသည့် အခြား သစ်အမျိုးအစား (၆) တုံး တို့အား သက်သေခံ ပစ္စည်း များအဖြစ် သိမ်းဆည်း ရမိခဲ့သည်ဟု ရဲမှုခင်း အစီရင် ခံစာအရ သိရသည်။

နိုင်မြင့်ရွှေ ဆိုသူက ထိုင်းအမျိုးသား ဥယျာဉ်ပိုင် သစ်များခိုးထုတ်ရန် ဆင်နှစ်ကောင်အပါအဝင် သစ်ဆွဲခ တစ်တန်လျှင် ထိုင်းဘက် ၁,၅၀၀ နှင့် တစ်ရက်လျှင် လုပ်အားခဘတ် ၂၀၀ နှုန်းဖြင့် လွှတိုက်သမားနှစ်ဦးအား ငှားရမ်းခဲ့ပြီး ခိုးထုတ်ရန် စေခိုင်းခဲ့သည်။

ဆင်ဦးစီး နိုင်ကပအီး (၅၂) နှစ်နှင့် နိုင်ဖုကလိ (၅၂) နှစ်တို့သည် ထိုင်းနယ်မြေ အသိအမှတ်ပြု ကဒ်ပြားများ ကိုင်ဆောင်ထားပြီး  ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် မြန်မာ နိုင်ငံသားများ ဖြစ်ပြီး လွှတိုက်သမား နိုင်တာတာ (၄၅) နှစ်နှင့် နိုင်တာနု (၄၀) နှစ်တို့သည် ဘုရားသုံးဆူ ဒေသခံ မြန်မာ နိုင်ငံသားများ ဖြစ်၍ တရားဝင်နေထိုင် သူများ မဟုတ်ကြောင်း သိရသည်။

ကာလ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၃၂,၀၀၀ ဘတ် တန်ဖိုးရှိ ပိတောက်နှင့် အခြား တားမြစ် သစ်တစ်မျိုး အား ခုတ်ယူ၍ ကြိတ်ခွဲ နေစဉ် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။ ဆင်နှစ်ကောင် အပါအဝင် သက်သေခံ ပစ္စည်း များအား ထိုင်းအမျိုးသား ဥယျာဉ်မှ သိမ်းယူထားပြီး ဖမ်းဆီး ရမိသည့် သူများအား ထိုင်းနိုင်ငံ သစ်တော ဥပဒေ အရ အမှုဖွင့်ထားကြောင်း သိရသည်။