မိုင်းပေါက်ကွဲမှုတွင် အစိုးရစစ်သား ၃ ဦးသေ ၁ ဦး ဒဏ်ရာရ

မိုင်းပေါက်ကွဲမှုတွင် အစိုးရစစ်သား ၃ ဦးသေ ၁ ဦး ဒဏ်ရာရ
by -
ကချင်သတင်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း လှုပ်ရှားနေသည့် အစိုးရတပ်ဖွဲ့တခု KIA တပ်ရင်း (၃) နယ်မြေ နန်ဇော်ယန် ဘက်သို့ ရောက်ရှိလာချိန် မိုင်း ၁ လုံးပေါက်ကွဲပြီး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။

burmese-soldiers 600 400 KNG

မြန်မာအစိုးရ ခြေလျင်တပ်ရင်း ခလရ (၅၈) နှင့် တပ်မ (၈၈) လက်အောက်ခံ တပ်ဖွဲ့ဝင် အင်အား ၃၀ ကျော် ပါ၀င်သည့် စစ်ကြောင်းက နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်ဟု ဒေသခံ တဦးက အခုလို ပြောဆိုသည်။

“အားလုံး ၄ ယောက်ဟုတ်တယ်။ ၁ ယောက်က ချက်ချင်းသေသွားပြီး ၃ ယောက်ကိုတော့ မြစ်ကြီးနား ဆေးရုံးကို ပို့တဲ့အချိန် လမ်းမှာ ၁ ယောက်သေသွားတယ်။ ပြီးတော့ ဆေးရုံရောက်ပြီး ၁ ယောက် ပြန်သေ သွားတယ််။ အခု ၁ ယောက်က မြစ်ကြီးနားဆေးရုံမှာ ဆေးကုနေတယ်။” ဟု မျက်မြင် ဒေသခံတဦးက ကချင်သတင်းဌာနသို့ ပြောသည်။

ယင်းနယ်မြေများအတွင်း အစိုးရတပ်နှင့် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တို့ နှစ်ဘက် စလုံးမှ လှုပ်ရှားနေပြီး ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မသိရကြောင်း ဒေသခံများက ဆိုသည်။

ယင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက် နန်ဇော်ယန် ကျေးရွာဘက်တွင် တောင်ယာလုပ်ကိုင်နေသည့် ဒေသခံများ အား သွားလာခွင့်နှင့် ဆန်စပါး ရိတ်သိမ်းခွင့်ကို အစိုးရတပ်က ပိတ်ပင်ထားသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံတဦးက ပြောသည်။

“ကျနော်တို့က လယ်ယာပဲ လုပ်စားနေကြတာ ခုလိုစပါးမရိတ်ရဘူးဆိုရင်တော့ အရမ်းဒုက္ခ ရောက်တော့မယ်။” ဟု ဝူယန် ကျေးရွာသား တဦးက ဆိုသည်။

မိုင်းပေါက်ကွဲသည့် နယ်မြေဘက်တွင် ဝူယန်၊ လမြန်၊ နမ်ဝါ၊ နန်ဇော်ယန်၊ ဂျန်မာသစ် စသည့် ကျေးရွာများမှ ဆန်စပါး စိုက်ပျိုးနေသည့် အိမ်ခြေ ၅၀ ကျော်ရှိကြောင်း သိရသည်။

လောလောဆယ်တွင် အစိုးရတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် နန်ဇော်ယန် ကျေးရွာအတွင်း တပ်စွဲထား ကြောင်း ဒေသခံများက ဆိုသည်။

Most read this week