စိန့်မာတင်ကျွန်းအနီး စက်လှေနစ်၍ လူ ၁၀ ဦးပျောက်ဆုံး

စိန့်မာတင်ကျွန်းအနီး စက်လှေနစ်၍ လူ ၁၀ ဦးပျောက်ဆုံး
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နိုင်ငံ နတ်မြစ်ဝရှိ စိန်မာတင်ကျွန်းမှ ပင်လယ်ထဲတွင် ရပ်နားထားသော သင်္ဘောပေါ်သို့ လူတင်ပို့ရန် သွားသည့် စက်လှေနစ်မြုပ်သွားသဖြင့် လူ ၁၀ ယောက် နီးပါး ပျောက်ဆုံး နေသည်ကြောင်း သိရသည်။

ယနေ့ နံနက်က ပျောက်ဆုံးနေသူများကို လိုက်ရှာနေသော ဘင်္ဂလာဒေချ့် ကမ်းခြေစောင့် တပ်ဖွဲ့များ။

နိုဝင်္ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက လူပေါင်း ၄၀ တင်ဆောင်လာသည့် စိန်မာတင်ကျွန်းမှ စက်လှေတစီး ကျွန်းအလွန်တွင် ရုတ်တရက် နစ်မြုပ်သွားရာ လူပေါင်း ၃၀ မှာ ရေကူး၍ ကမ်းသို့ ရောက်ရှိလာသော်လည်း နောက်ထပ် ၁၀ ဦးမှာ ပျောက်ဆုံးနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ရုပ်သံ သတင်းများက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရှင်မဖြူကျွန်းမှ မြန်မာနိုင်ငံသား တစ်ဦးကို ဆက်သွယ် မေးမြန်းကြည့်ရာ “ဒီကနေ့နံနက် စောစောက စိန်မာတင်ကျွန်းက ပင်လယ်ထဲကို အသွားမှာ နစ်သွားတာ ဖြစ်ပါတယ်။ လူပေါင်း ၄၀ မှာ ၁၀ ဦးပျောက်ဆုံးနေပါတယ်။ ပင်လယ်ထဲမှာ ရပ်ထားတဲ့ သင်္ဘော ပေါ်ကို လူတွေ သွားတင်တာမှာ နစ်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ပင်လယ်အတွင်းရှိ သင်္ဘောမှာ ထိုင်းနိုင်ငံမှ ဖြစ်ပြီး ဘင်္ဂလာဒေချ့်မှ မလေးရှားသွားလိုသူများကို အခကြေးငွေ ယူ၍ မှောင်ခို တင်ပို့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများအရ သိရသည်။

“ပျောက်ဆုံးနေသူတွေထဲမှာ ဘင်္ဂလာဒေချ့်က လူတွေလည်း ပါတယ်။ မြန်မာနိုင်ငံသားတွေလည်း ပါတယ်။ လူပေါင်းစုံ ပါ၀င်ပါတယ်။ ဒီကနေ ထိုင်းကို သွားမယ်။ ထိုင်းကနေ မလေးကို ဆက်ပို့မယ်လို့ သိရပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ဘင်္ဂလာဒေချ့် နိုင်ငံ ရုပ်သံ ဌာန တစ်ခုမှ ထုတ်လွှင့်ချက်အရ ဘင်္ဂလာဒေချ့်မှ မလေးရှားနိုင်ငံသို့ သွားနေ သည့် လူမှောင်ခိုလမ်းကြောင်းကို မြေပုံများနှင့် ဖေါ်ပြခဲ့ပြီး ဘင်္ဂလာဒေချ့်မှ တဆင့် ရန်ကုန်သို့ သင်္ဘောဖြင့် ပို့ဆောင်၍ ရန်ကုန်မှ တဆင့် ထိုင်းနှင့် မလေးရှားသို့ ပို့ဆောင်သည်ဟု ဖေါ်ပြသည်။

ထို့အပြင် လူတစ်ဦးလျင် ခရီးစရိတ် တာကာငွေ ၂၀,၀၀၀ မှ (၁) သိန်းထိ လူမှောင်ခို လုပ်ငန်း လုပ်ကိုင်သူများ ကို ပေးရသည်ဟုလည်း ဆိုသည်။

လူမှောင်ခို တင်ပို့ ခံရသူများအနက် ဘင်္ဂလာဒေချ့်နိုင်ငံသား အများစု ဖြစ်ပြီး ၆၀ နှင့် ၆၅ ရာခိုင်နှုန်း ကြားပါ၀င်သည်ဟု UNB ဘင်္ဂလာဒေချ့် သတင်းဌာနကြီး တစ်ခုမှ ယမန်နေ့က ဖော်ပြထားသည်။

Most read this week