ဒုက္ခသည်များ ပြန်ယူရန် ဘင်္ဂလာက မြန်မာ သံအမတ်ကြီးကိုပြော

ဒုက္ခသည်များ ပြန်ယူရန် ဘင်္ဂလာက မြန်မာ သံအမတ်ကြီးကိုပြော
by -
နိရဥ္စရာ

မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေချ့်ကို ရောက်ရှိနေတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ပြန်ယူဖို့ ဘင်္ဂလာဒေချ့်  အာဏာပိုင်တွေက မြန်မာ သံအမတ်ကြီးကို မနေ့က ထုတ်ဖေါ် ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဆိုင်ဒါမူဒါ တာဆနိမ်နဲ့ မနေ့က နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တွေ့ဆုံစဉ် ခုလို ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေချ့် နိုင်ငံက နော်ယာပါရာနဲ့ ကူတို့ပလောင် ဒုက္ခသည် စခန်းတွေမှာ ယူအန် အသိအမှတ်ပြု မြန်မာ နိုင်ငံက မွတ်ဆလင် ဒုက္ခသည် ၂၉,၀၀၀ ရှိတဲ့ အထဲက ၂,၄၁၅ ဦးကို မြန်မာဘက်က ပြန်ယူဖို့  သဘောတူ ထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီအထဲက မိသားစု (၁၀) စုကတော့ မိမိဆန္ဒနဲ့ အညီ မြန်မာပြည်ကို ပြန်မယ်လို့ ပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။

လာမယ့် UNHCR နဲ့ ပြုလုပ်မယ့် အစည်းအဝေးမှာ မြန်မာကို ဘင်္ဂလာဒေချ့်က ထောက်ခံသွားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလာဒေချ့် အနေနဲ့ အိုအိုင်စီနဲ့ ယူအန် လူ့အခွင့်အရေး ကောင်စီ (UNHRC) မှာလည်း မူအားဖြင့် ထောက်ခံမူ ပေးသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာ သံအမတ်ကြီးကလည်း မြန်မာ အစိုးရ အနေနဲ့ ပြန်လည် လက်ခံယူရေး အစီအစဉ်ကို ပြန်စနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အခုအခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး သူတို့ဟာ  မြန်မာနိုင်ငံသားလား၊ ဘင်္ဂလားဒေချ့် နိုင်ငံကလာတာလား စသဖြင့် မေးခွန်းတွေ ဖြစ်ပေါ်နေသလို နို်င်ငံသား ဖြစ်ရေး၊ မဖြစ်ရေး စတဲ့ ငြင်းခုံမူတွေ ဖြစ်ပေါ်နေချိန်မှာ ဘင်္ဂလာဒေချ့်ဘက်ကလည်း သူတို့ နိုင်ငံထဲ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ မြန်မာကို ပြန်လည်ပို့ဆောင်နိုင်ရေး တွန်းအားပေး လုပ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ အကဲခတ်များက ဆိုပါတယ်။

Most read this week