ဘင်္ဂလား မြန်မာ နယ်စပ်ဂိတ်များပိတ်

ဘင်္ဂလား မြန်မာ နယ်စပ်ဂိတ်များပိတ်
by -
နိရဥ္စရာ

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်အကြား ဖြတ်သန်းသွားလာနေသည့် နယ်စပ် ဂိတ်အားလုံးကို မြန်မာဘက်က ပိတ်ထားကြောင်း သိရသည်။

BGB-guard-Border-300x225

ယခုပိတ်လိုက်သော နယ်စပ်ဂိတ်များအနက် နှစ်နိုင်ငံ နယ်ခြား သတ်မှတ်ထားသည့် နတ်မြစ်အား နေ့စဉ် ဖြတ်ကျော် သွားလာနေသည့် ပတ်စ်ပို့ဂိတ်လည်း ပါ၀င်ကြောင်း ဒေသခံ စီးပွားရေး သမားတစ်ဦးက ပြောသည်။

“အခုပိတ်ထားလိုက်တဲ့ ဂိတ်တွေမှာ မောင်တောနဲ့ တက်ကနက်မြို့အကြား တရက်တာ ဗီဇာနဲ့ ပတ်စ်ပို့ကိုင် သွားလာနေတဲ့ မောင်တောမြို့ပေါ်က ပီအိုကြီးဂိတ်လည်း ပါ၀င်ပါတယ်။ ဒီလ ၁၉ ရက်နေ့ ကနေ စတင် ပိတ်ထားလိုက်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အလားတူ ချောင်းဝနေရာများတွင် ဖွင့်လှစ်ထားသော ငခူရဂိတ်၊ ခြံပြင်ဂိတ်၊ ရွက်ညိုးတောင်ဂိတ်၊ မင်္ဂလာကြီးဂိတ်၊ မကျဲချောင်းဂိတ်၊ နခေါင်းတောင်စသည့် ဂိတ်များ အားလုံး ပိတ်လိုက်သည်ဟု သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့က အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ မြန်မာ အစိုးရ တပ်ဖွဲ့ဝင် များအား နယ်စပ်အနီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆောက်လုပ်ရေး (ဂျီးအီး) တပ်မှ စက်ပြင်ဆရာ ကျော်ကျော်ထွေး သေဆုံးခဲ့ပြီး အခြား တပ်ဖွဲ့ဝင် (၃) ဦး ဖမ်းဆီးခံခဲ့ရသည်။

ယင်းကိစ္စ ဖြစ်ပွားပြီးနောက် နယ်စပ် အခြေအနေများ တစတစ တင်းမာလာသလို နှစ်ဖက် နယ်စပ်တာဝန်ရှိသူများ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြောင်းနှင့် ဖမ်းဆီးခံရသူများအား ဘင်္ဂလာဒေ့ရှ်ဘက်မှ ကူညီရှာဖွေပေးရန် မြန်မာနယ်စပ် အာဏာပိုင်တို့က တောင်းဆိုခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်ဖက် တာဝန်ရှိသူများအကြား မည်သို့ဆက်သွယ် ဆောင်ရွက်နေကြောင်း ထပ်မံ ကြားသိရခြင်း မရှိသေးသလို နိုဝင်္ဘာလ ၁၇ ရက်နေ့က နတ်မြစ်အတွင်း  ဘင်္ဂလာဒေချ့် ရေပိုင်နက်တွင် လှေနှစ်စီးဖြင့် ငါးဖမ်းနေသည့် ဘင်္ဂလာဒေချ့် နိုင်ငံသား ၁၀ ဦးကို နစက တပ်ဖွဲ့ဝင် ၂၀ ခန့်က ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။

လောလောဆယ် မြန်မာဘက်က နယ်စပ် တလျှောက်တွင် တပ်အင်အားများ အခိုင်အမာ ချထားပြီး အခင်းဖြစ်ပွားရာ ဒေသတွင် တပ်ဖွဲ့ဝင်များ ဆက်လက် တိုးမြှင့် ချထားဆဲ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နယ်စပ် အခြေအနေ တင်းမာနေသဖြင့် ယနေ့ ကျင်းပမည့် နစကနှင့် ဘီဂျီဘီ တပ်ဖွဲ့တို့အကြား နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို မြန်မာဘက်ခြမ်း တောင်ပြိုတွင် ပြုလုပ်မည်ဟု သတင်း ရရှိသည်။

Most read this week