ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ဖောက်ထွင်းခိုး ယူမှုများ ဆက်တိုက်ဖြစ်ပွားနေသလို ယနေ့မနက် ၃ နာရီခန့်က ဘုရားသုံးဆူမြို့ ရပ်ကွက် (၁)ရှိ ပြည်သူ့ စစ်ခေါင်းဆောင် ဦးမင်းသိန်း ၏ နေအိမ် ဖောက်ထွင်းခံရ သည်ဟု သိရသည်။
အိမ်ဖောက်ထွင်းခံရသူ ဦးမင်းသိန်းက “သူခိုးက အိမ်နောက်ဖေးက အိမ်တံခါးမကြီးကို တိုးဖွင့်ပြီးဝင်တာ။ တခါး က ဂျက်ထိုးထားပေမယ့် မခိုင်လို့ဖြစ်မယ်။ နောက် အိမ်ထဲမှာ မီးဖွင့်ထားတဲ့ကြားက ၀င်လာတာ။ ၀င်လာတော့ အိမ်ရှေ့အခန်းမှာ အိပ်နေတဲ့ ကျနော့်ဇနီးလည်မှာ ဆွဲထားတဲ့ နှစ်ကျပ် သား ရွှေကြိုးဆွဲ ကို ဖြတ်ယူထွက်ပြေး တာ”ဟု ကေအိုင်စီသို့ ပြောသည်။
ယခုကဲ့သို့ ဖြစ်ပွားနေသည့်အပေါ် ဖောက်ထွင်း၊ ခိုးယူမှုခံရသူများက ဘုရားသုံးဆူ ရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း အကြောင်းထူးမလာသဖြင့် နောက်ပိုင်းတွင် တိုင်ကြား လေ့ မရှိတော့ကြောင်း ဦးမင်းသိန်းက ဆက်လက် ပြောဆိုသည်။
ထို့အပြင် နိုဝင်ဘာလ ၁၆ ရက်နေ့၊ မနက် ၄ နာရီခွဲအချိန်၌ ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၄) ဒေါနလမ်းရှိ ခေါက် ဆွဲကြော်ရောင်းသည့် မလှဝင်းနွယ်၏ ဆိုင် ဖောက်ထွင်းခံခဲ့ရပြီး ပိုင်ရှင် ထံမှ နှစ်ကျပ်သား ရွှေဆွဲကြိုးဖြတ်ယူသွား သကဲ့သို့ ထိုင်းဘတ်ငွေ ၆,၈၀၀ ယူသွားကြောင်း ဘုရားသုံးဆူမြို့ အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အဲဒီခေါက်ဆွဲဆိုင်က မလှဝင်းနွယ်တို့သားအမိ သုံးယောက်ပဲ ရှိတယ်။ အကုန်လုံး မိန်းမသားပဲဆိုတော့ ကြောက် လို့ အခုဆိုရင် ဘုရားသုံးမှာရှိတဲ့ တည်းခိုခန်းတခုမှာ တစ်လကို ဘတ် ၁,၆၀၀နဲ့ ငှားပြီး သွားအိပ်နေ ကြရတယ်”ဟု ပြောဆိုသည်။
မြို့ပေါ်တွင် ရက်ပိုင်း သို့မဟုတ် တပတ်ခြားတခါ ဖောက်ထွင်းမှုများ ဖြစ်ပွားနေသည့်အတွက် မြို့ခံများက စိုးရိမ်နေကြောင်း သိရသည်။
လွန်ခဲ့သည့် အောက်တိုဘာလ ၂၆ ရက်မှ ယနေ့အချိန်ထိ ဖောက်ထွင်းခိုး ယူမှု ၁၀ မှုကျော် ဖြစ်ပွားခဲ့ကြောင်း ဘုရားသုံးဆူ အစိုးရအာဏာပိုင် များ၏ ကောက်ခံရရှိသည့် စာရင်းများအရ သိရသည်။
ဘုရားသုံးဆူမြို့တွင် ဖောက်ထွင်းခိုးယူမှုအပါအဝင် လူသတ်မှု၊ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ပြန်ပေးဆွဲမှုနှင့် ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။