ကြေးနီတောင် စီမံကိန်း ဖျက်သိမ်းရန် သံဃာနှင့် တောင်သူ သပိတ်စခန်းများ ဖွင့်

ကြေးနီတောင် စီမံကိန်း ဖျက်သိမ်းရန် သံဃာနှင့် တောင်သူ သပိတ်စခန်းများ ဖွင့်
by -
မဇ္စျိမ

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် သံဃာ အပါး ၃ဝဝ ခန့် အပါအဝင် လယ်မြေ အသိမ်းခံရသည့် ကျေးရွာ ၂၆ ရွာမှ လယ်သမားများက သပိတ်စခန်း လေးခု ဖွင့်၍ လက်ပံတောင်း ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရေး ဆန္ဒပြနေကြောင်း ဆည်တဲကျေးရွာ အောင်မြေမြင်သာ ကျောင်းတိုက်မှ ဦးပဥ္ဇင်း ဦးနန္ဒာစာရ က မိန့်သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင် ပြုလုပ်ခဲ့ရာ တနင်္လာနေ့တွင် မန္တလေး၊ မုံရွာ၊ ပခုက္ကူ စသည့် မြို့နယ်များမှ သံဃာ အပါး ၃ဝဝ ကျော် ကြွရောက်လာပြီး ဒေသခံ လယ်သမား တထောင်ကျော်နှင့် ပူးပေါင်းကာ ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရန် သပိတ်တား ဆန္ဒပြနေကြခြင်း ဖြစ်သည်။

laepatoungdemo

မန္တလေး၊ မုံရွာ၊ ပခုက္ကူ စသည့် မြို့နယ်များမှ သံဃာ အပါး ၃ဝဝ ကျော်၊ ဒေသခံ လယ်သမား တထောင်ကျော်နှင့် ပူးပေါင်းကာ ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရန် သပိတ်တား ဆန္ဒပြ (ဓါတ်ပုံ - OpenSociety Monywa)

“သပိတ်စခန်း ဖွင့်တာ ဒီနေ့ရောဆိုရင် လေးရက်မြောက်ရှိသွားပြီ။ ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ပြီး ဆန္ဒပြ
ကြတာ။ မရပ်ဆိုင်းမချင်း အဲဒီမှာ ဆန္ဒပြမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားကြတယ်။ သုံးရက်မြောက်မှာ သံဃာတွေ ပါလာတယ်။ သပိတ်ဆန္ဒ ဖော်နေကြတာ” ဟု ဦးပဥ္ဇင်းက မဇ္စျိမကို မိန့်ကြားသည်။

လက်ပံတောင်း တောင်ကြားတွင် သပိတ်စခန်းတခု၊ ဝမ်ပေါင် စီမံကိန်းရှေ့တွင် တခု၊ ညောင်ပင်ကြီး ကျေးရွာ ကားလမ်းပေါ်တွင် တခု၊ ပုသိမ်-မုံရွာကားလမ်းပေါ် တခု၊ ထိုသို့ သပိတ်စခန်း လေးခုကို မိုးကာတဲများထိုးကာ ဖွင့်လှစ်ထားကြောင်း ဝက်မှေးကျေးရွာမှ မအေးနက် က ပြောသည်။

“လက်ပံတောင်းတောင် လုံးဝ ဖျက်သိမ်း ရပ်ဆိုင်းရေး၊ တောင်သူလယ်သမားတွေရဲ့ လယ်တွေကို မတရား သိမ်းပိုက်တာတွေ ဖျက်သိမ်းရေး၊ တနိုင်ငံလုံး မတရား သိမ်းပိုက်ခြင်း ဖျက်သိမ်းရေး စာတမ်းတွေနဲ့ ကြွေးကြော် ဆန္ဒဖော်ထုတ်နေတယ်၊ တရားလည်း ထိုင်တယ်၊ ကြွေးကြော်တယ်” ဟု မဇ္စျိမကို ပြောသည်။

ဆိုင်းဘုတ်များ ကိုင်ဆောင်၍ သံဃာများက ရှေ့မှ စီတန်းလှည့်လည်ကာ မေတ္တာသုတ် ရွတ်ဆိုခဲ့ပြီး လယ်သမားများ က စီမံကိန်း ရပ်ဆိုင်းရေး ကြွေးကြော်ကြသည်။

အင်္ဂါနေ့တွင် ပခုက္ကူမြို့နယ်မှ သံဃာတော် အပါး ၆ဝ ထပ်မံကြွရောက်လာမည်ဟု သတင်းရရှိသည်။

သပိတ်တားသည့်အနေဖြင့် စီမံကိန်း ကားများ ဝင်ရောက်လာလျှင် ကားတန်း ရှေ့မှ ပိတ်၍ ရပ်ခြင်း၊ ထိုထက် ဆိုးလာပါက ကားလမ်းမ၌ မှောက်၍ လှဲအိပ် ခြင်းဖြင့် စီမံကိန်း ယန္တရား စက်ကြီးများ မလည်ပတ် နိုင်အောင် တားမြစ် ဆန္ဒပြလျက် ရှိသည်။ ထိုအခြေအနေမျိုးတွင် ကုမ္ပဏီ ဝန်ထမ်းများက ကားများ ထားရစ်ခဲ့ကာ ပြန်သွားတတ်သည်ဟု ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသားများကွန်ယက်မှ ကိုသော်ဇင် က ပြောသည်။

လက်ပံတောင်း ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရေး ဆန္ဒပြနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ - OpenSociety Monywa)

ဆန္ဒပြသူများက မြန်မာ ဝမ်ပေါင် ကုမ္ပဏီအား လာရောက် တွေ့ဆုံဖြေရှင်းရန် တောင်းဆိုထားသော်လည်း ကုမ္ပဏီမှ လာရောက် တွေ့ဆုံခြင်း မရှိသေးပေ။

“သူတို့ ကတော့ လုံးဝ ရှောင်နေတယ်။ သူတို့ကို ကျနော်တို့ သွားတားလို့၊ ပြောလို့ရှိရင်လည်း ကျနော်တို့ကိုလည်း ဦးပိုင် က ခိုင်းလို့ အဲလိုပဲ စကားပြန်က ပြန်ပြောတာပဲ ရှိတယ်” ဟု မဇ္စျိမကို ပြောသည်။

သပိတ်စခန်းများအတွက် ဆေးဝါး၊ အစားအသောက်နှင့် ရေများ သယ်ဆောင်လာသည့် ကားတန်းများအား အာဏာပိုင်များက တားမြစ်ခြင်း ရှိသော်လည်း ဆန္ဒပြသူများနှင့် အာဏာပိုင်တို့အကြား တစုံတရာ ပြဿနာဖြစ်ပွားမှု မရှိခဲ့သေးပေ။

ကြေးနီတောင် စီမံကိန်းနှင့် ပတ်သက်၍ “ဒီလိုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တော့မယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာတွေ မထွက်သရွေ့ လုပ်ကိုင်လို့ မရသေးဘူး။ ကျနော်တို့ နိုင်ငံမှာက အစီရင်ခံစာတွေ တခုမှ မရှိသေးဘူး။ ဒီအစီရင်ခံစာက ၂ဝ၁၃ ခုနှစ်၊ မတ်လမှ ထွက်မယ်ဆိုတာ ကျနော်တို့နိုင်ငံ သမ္မတကြီးနှင့်တကွ နိုင်ငံ အုပ်ချုပ်နေတဲ့ အစိုးရ တရပ်က မသိတာလား မသိချင်ယောင် ဆောင်နေတာလားတော့ မပြောတတ်ဘူး” ဟု ကိုသော်ဇင် က မဇ္စျိမကို ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အစိုးရဘက်မှ စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ သိရှိနိုင်ရန်အတွက် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ရုံးသို့ ဆက်သွယ် မေးမြန်းခဲ့ရာ သာမန် စာရေး ဝန်ထမ်း ဦးဝင်းနိုင်ထွေး သာ ရှိ၍ ၎င်းအနေဖြင့် မပြောကြားနိုင်ကြောင်းနှင့် အစိုးရ အဖွဲ့ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းလွင် အား ဆက်လက်၍ ဆက်သွယ်မေးမြန်းခဲ့သော်လည်း “ကျနော်က မသိဘူး ခင်ဗျ။ အိမ်က ဆိုတော့လေ။ ရုံးလုပ်ငန်းက သူတို့ပဲ လုပ်ကြတာဆိုတော့” ဟုသာ ဖြေကြားခဲ့သည်။

မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့သည် ကြေးနီ စီမံကိန်းအတွက် ဒေသခံ လယ်သမားများ၏ လယ်ယာမြေ ဧက ရ,၈ဝဝ ကျော် သိမ်းပိုက်လိုက်သဖြင့် လယ်သမားများ မကျေနပ်၍ ဇွန်လမှ စက်တင်ဘာလအထိ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

ကုမ္ပဏီက စီမံကိန်းများ ရပ်ဆိုင်းခြင်းမရှိပါက ဒေသခံများ ကျန်မာရေး ထိခိုက်လာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးနိုင်ခြင်း၊ ဘာသာရေးအရ လယ်ဒီ ဆရာတော်ကြီး တရားကျင့်ခဲ့ရာ သိမ်နေရာလည်း ပျောက်ပျက် သွားနိုင်၍ဒေသခံများက ထပ်မံဆန္ဒပြနေကြခြင်း ဖြစ်သည်။