အိုဘားမား မိန့်ခွန်း အပေါ် ရခိုင်ခေါင်းဆောင်များ အမြင်

အိုဘားမား မိန့်ခွန်း အပေါ် ရခိုင်ခေါင်းဆောင်များ အမြင်
by -
နိရဥ္စရာ

မြန်မာနိုင်ငံကို တရက်ကြာ လာရောက် လည်ပတ်ခဲ့သော အမေရိကန်သမ္မတ ဘားရက်(စ်) အိုဘားမားက ရန်ကုန် တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ ရခိုင် အရေးအား ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ RNDP ပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်၊ ၀န်ကြီး ဦးဇော်အေးမောင် နှင့် အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောတို့ အပါအဝင် ရန်ကုန်ရှိ ရခိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ် ၅ ဦး တက်ရောက်ခဲ့သည်။

US-President-Obama-speech-Yangoon-University

မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဖေါ်ဆောင်နေချိန်တွင် အမေရိကန် သမ္မတ တစ်ဦး၏ ပထမဆုံးသော မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်သဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက် ကောင်းသော လက္ခဏာ ဖြစ်ကြောင်း အခမ်းအနား တက်ရောက်သူ RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကပြောသည်။

“ မိန့်ခွန်း တခုလုံးကို ယေဘုယျအားဖြင့် ကျနော်ပြောချင်ပါတယ်။ အမေရိကန်သမ္မတ တယောက် အနေနဲ့ ဒီမိုကရေစီ အကြောင်းတွေကို ပြောတာတွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ယေ ဘုယျအားဖြင့် သွားနေတဲ့ လမ်းကြောင်း ကောင်းမွန်စေဖို့၊ နောက်ပြန် မလှည့်စေဖို့ ပြောတာတွေ ကို တွေ့ရပါတယ်။ အမေရိကန် အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီး အကူအညီပေးသွားမယ် လို့ ပြောသွား တာတွေဟာ ကောင်းတဲ့ လက္ခဏာတွေပါ။ တိုင်းရင်းသား အရေးတွေကို ပြောသွားတာဟာလည်း ကောင်းတဲ့ကိစ္စပါ” ဟု ပြောသည်။

သမ္မတ အိုဘားမားသည် ယနေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ် အချိန်မှ ၃ နာရီ ၁၀ မိနစ်အထိ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကိစ္စများကို ပြောဆိုရာမှာ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး သီးသန့်ပြောဆိုသွား ကြောင်းနှင့် အိုဘားမားက ရိုဟင်ဂျာ ဟု ပြောဆို သုံးနှုန်းသွားသည့်အပေါ် ဦးဦးလှစောက သူ့အမြင်ကို နိရဥ္စရာသို့ ယခုလို ပြောသည်။

“အခု ရခိုင်အရေးကိစ္စဟာ မြန်မာပြည်မှာ တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ကိစ္စတခုလို သူက နားလည်ပြီး ပြောသွားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ သမ္မတ အိုဘားမားနဲ့ ကျနော်တို့က အယူအဆမတူပါ။ ဥပမာ ကချင်နဲ့ မြန်မာ့တပ်မတော်နဲ့ ဖြစ်နေသလို၊ ကရင်မှာ ဖြစ်နေသလိုမျိုး ဒီရခိုင်ပြဿနာဟာ မဟုတ်ပါ။ အခုက ပြည်ထောင်စုက ခွဲထွက်မယ့် ပြဿနာလည်း မဟုတ် တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ပြဿနာလည်း မဟုတ်။ သို့သော် အခု ဒီရိုဟင်ဂျာလို့ ပြောတဲ့ သူတွေနဲ့ ဖြစ်နေတဲ့ ပြဿနာက တဖက်က နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်လာတဲ့ လူတွေနဲ့ ဒေသခံတွေ အကြားမှာ ဖြစ်နေတာ ဖြစ်တယ်။ ဒါကြောင့် အနှစ်သာရချင်းမတူပါ။”

ဆက်လက်၍ “သမ္မတ အိုဘားမား အနေနဲ့ ရခိုင်ပြည်နယ်၏ တကယ့် အရှိ တရားနဲ့ နည်းနည်း ဝေးနေသလို ကျနော်တို့ ခံစားရတယ်။ သူမိန့်ခွန်းထဲက တခြား တင်ပြမှုတွေကို လက်ခံ၊ ကြိုက်ပေမယ့် ဒီကိစ္စမှာတော့ အိုဘားမားရဲ့ ချည်းကပ်ပုံ ချည်းကပ်နည်းဟာ ကျနော်တို့နဲ့ လက်ခံနိုင်စရာအကြောင်းမရှိပါ။ သမ္မတ ဦးသိန်းစိန်က လည်း မြန်မာတိုင်းရင်းသားထဲမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ပြောထားသလို ရခိုင်ပြည်သူ တရပ်လုံးကလည်း ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ်သလို မရှိဘူးလို့ သဘောထားဟာ ပြတ်ပြတ်သားသား ရှိနေပြီးသားဖြစ်လို့ အိုဘားမား ပြောတာနဲ့ နည်းနည်းလွဲနေပါတယ်။ စကားကို ပြတ်ပြတ်သားသား မပြောသလို ဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ ဘဝင်မကျပါ။ မကြိုက်ပါ” ဟု ဆက်လက် ပြောဆိုသည်။

အမေရိကန် သမ္မတအိုဘားမားသည် ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး ရွှေတိဂုံ ဘုရားသို့ သွားရောက် ဖူးမျှော်ခဲ့သည်။

US-President-Obama-speech-Yangoon-University-hall

အလားတူ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်ကလည်း မြန်မာနိုင်ငံ အတွက် အကျိုးရှိိသော ခရီးစဉ် တစ်ခု ဖြစ်ကြောင်းနှင့် မြန်မနိုင်ငံ အနေဖြင့် အတုယူစရာများကို ထည့်သွင်းပြောကြားခဲ့ကြောင်း အခုလို ပြောဆိုသည်။

“သူပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တွေလုပ်နေတဲ့အပေါ်မှာ သူ့အနေနဲ့ ကြိုဆိုလက်ခံပြီး တော့ အမေရိကန်အနေနဲ့လည်း နောက်ကနေ ပံ့ပိုး အကူ အညီ ပေးသွားမယ်လို့ ပြောသွားတာဟာ တော်တော့ကို ကောင်းပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေး ရအောင် ပိုမိုလုပ်ဆောင်ရမယ်လို့လည်း ပြောသွားပါတယ်။ ထိရောက်တဲ့ စကား တခုကတော့ အာဏာ ပါ၀ါဆိုတာ ပြည်သူတွေဆီမှာပဲရှိတယ်လို့ပြောပါ တယ်။ သမ္မတဆိုတာဟာလည်း ပြည်သူတွေက ရွေးချယ်ပြီး ပေါက်ဖွားလာတာလို့ သူက ပြောပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံမှာ အင်မတန်မှ အင်းအားကောင်းတဲ့ စစ်တပ်ရှိတယ်။ အဲဒီ စစ်တပ်ဟာ ပြည်သူတွေက ရွေးချယ်ထား တဲ့ သမ္မတရဲ့ အောက်မှာပဲ ရှိတယ်လို့  ဥပမာတွေ ပေးပြီး ပြောသွားတာကို တွေ့ရပါတယ်။”

အိုဘားမားနှင့်အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း လိုက်ပါလာပြီး ၎င်းတို့ အဖွဲ့သည် ညနေ ၃ နာရီ ၃၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကမ္ဘောဒီယားနိုင်ငံသို့ ပြန်လည် ထွက်ခွာ ခဲ့သည်။

Most read this week