ဒုက္ခသည် ကူညီရေး UNFC နှင့် နိပွန် ဖောင်းဒေးရှင်း ထပ်မံဆွေးနွေး

ဒုက္ခသည် ကူညီရေး UNFC နှင့် နိပွန် ဖောင်းဒေးရှင်း ထပ်မံဆွေးနွေး
by -
ရွှေဟင်္သာ

ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များနှင့် ဂျပန် နိုင်ငံမှ နီပွန် ဖောင်ဒေးရှင်းတို့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ဒုက္ခသည်ကူညီရေး ထပ်မံ ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ နယ်စပ် ဒေသ တလျှောက်ရှိ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင် နေသည့် ဒုက္ခသည်များ အတွက် ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်းက အကူအညီ ပေးမည့် ကိစ္စအပေါ် အသေးစိတ် ညှိနှိုင်းနိုင်ရန် တွေ့ဆုံခဲ့ကြောင်း အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ နိုင်ဟံသာက ပြောသည်။

NI009 thumb medium200 146

“ဒုက္ခသည် ၁ သန်းကျော်ကို အကူအညီ စတင် ပေးနိုင်ဖို့ အတွက် အသေးစိပ် လာရောက် ညှိနှိုင်းတာပါ။ သဘောက ဒုက္ခ သည်တွေက တိုင်းရင်းသား ဒေသအထဲမှာဘဲ ရှိတယ်လေ။” ဟု ဆိုပါသည်။

ယနေ့ (၁၀) နာရီ အချိန်ခန့်က တွေ့ဆုံခဲ့ပြီး အကူအညီ ပေးရေး အစီအစဉ်များကို ပြည်တွင်းမှ တဆင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ရိက္ခာနှင့် ဆေးဝါးများကိုသာ ဦးစားပေး ထောက်ပံ့မည်ဖြစ်ပြီး ပထမ အဆင့်၌ အမေရိကန် ဒေါ်လာ (၃) သိန်းခန့် ကူညီ ပေးမည်ဖြစ်ကြောင်းနှင့် ဒုတိယ အဆင့်၌ အမေရိကန် ဒေါ်လာ (၂.၇) သန်းကို လာမည့် ၂၀၁၃ ခုနှစ် ရောက်မှသာ ထောက်ပံ့မည် ဟု နိုင်ဟံသာက ဆိုသည်။

အကူအညီ ပေးရေး အစီစဉ်ကို နီပွန် ဖောင်ဒေးရှင်း အဖွဲ့၊ UNFC အဖွဲ့နှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) အဖွဲ့ တို့က ပထမ အကြိမ် အဖြစ် ပူးပေါင်း အကောင်အထည် ဖော်မည် ဖြစ်သည်။

ဆွေးနွေးပွဲ တက်ရောက် သူများမှာ နိပွန် ဖောင်းဒေရှင်းမှ ဒါရိုက်တာ မစ္စတာ မူရီအပါ၀င် ခေါင်းဆောင် (၂) ဦးနှင့် Myammar Peace Center မှ ကိုယ်စားလှယ် (၃) ဦး တက်ရောက်ကြပြီး UNFC ဖက်မှ PNLO ပအို့ဝ် အမျိုးသား လွတ် မြောက်ရေး အဖွဲ့၊ SSPP ရှမ်းပြည် တိုးတက်ရေး ပါတီ၊ KIO ကချင် လွတ်လွပ်ရေး အဖွဲ့၊ ANC ရခိုင် အမျိုး သား ကောင်စီနှင့် KNPP ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ တို့ဖြစ်သည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသ တလျှောက်ရှိ နေရပ် စွန့်ခွာထွက်ပြေး နေရသည့် ဒုက္ခသည် များအတွက် နီပွန် ဖောင်ဒေးရှင်မှ ဒေါ်လာ ၃ သန်း အကူညီပေးရန် UNFC နှင့် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက် နေ့က ဂျပန်နိုင်ငံ ဆွေးနွေးပွဲအတွင်း သဘော တူညီခဲ့သည်။

တိုင်းရင်းသား ဒေသတွင် နေရပ် စွန့်ခွာ ထွက်ပြေးသူ ဒုက္ခသည် ၁ သန်းကျော် ရှိနေကြောင်း ပြီးခဲ့သည့် အောက်တို ဘာလ (၂၉) ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ နိပွန် ဖောင်ဒေးရှင်း အဖွဲ့ ဥက္ကဌ မစ္စတာ ယိုဟဲအိ ဆာဆာကာဝါ (Yohei Sasakawa) က ပြောကြား ခဲ့သည်။

နိပွန် ဖောင်ဒေးရှင်းက ၁၉၇၆ ခုနှစ်မှ စ၍ မြန်မာနိုင်ငံကို အကူအညီ ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်မှ စတင်၍ ဘက်စုံ ဖွံ့ဖြိုးရေး အစီစဉ် အတွက် အမေရိကန် ဒေါ်လာ ၈၈ သန်းကျော် ကူညီခဲ့သည်။ အထူးသဖြင့် ကျန်းမားရေး ပညာရေးနှင့် လူမှုရေး စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများတွင် ကူညီခဲ့သည်။