ဖားကန့် ဒေသ၌ တိုက်ပွဲပြင်းထန်နေ

ဖားကန့် ဒေသ၌ တိုက်ပွဲပြင်းထန်နေ
by -
ရွှေဟင်္သာ

ကချင် ပြည်နယ်ဖါးကန့် ဒေသလုံးခင်း ကျေးရွာနှင့် မိုးကောင်းမြို့အကြား ကားလမ်းတလျှောက် နေရာ (၃) ခု ထက်မနည်း တိုက်ပွဲများ ပြင်းထန် နေသည်ဟု ဒေသတွင်းရှိ KIA အရာရှိ တဦးက ပြောသည်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တပ်ဖွဲ့ဝင်များနှင့် အစိုးရ တပ်ဖွဲ့တို့ ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း KIA တပ်မဟာ (၂) စစ်ရုံး အရာရှိ တဦးက ပြောသည်။

“ဒီနေ့ တိုက်ပွဲကတော့ ဖားကန့် ဝန်းကျင်မှာ ရှိတဲ့ နမ်တိန်ဆိုတဲ့ ချောင်းရှိတယ် အဲဒီ ချောင်းနားက ရွာမှာ ညနေ (၄) နာရီခွဲ အချိန်ထိ ဖြစ်နေတုန်းဘဲ။ တိုက်ပွဲက (၃) နာရီကြာသွားပြီး ဖြစ်နေတာ။ အစိုးရ ကလည်း ဒီလမ်းကို လုံခြုံရေး တင်း တင်း ကြပ်ကြပ် ချပြီးတော့ကို တက်လာနေတယ်။ သူတို့က ကား အစီး (၄၀) ကျော် တက်လာဖို့ရှိတယ်။ ဒါကြောင့် လမ်းရှင်းနေ တာပါ။ ကြည့်ရတာ ရိက္ခာ လက်နက်ကျည်ဆံတွေ တင်လာပုံရတယ်” ဟု ဆိုပါသည်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက် ဒါဏ်ရာ ရမှုကို မသိရ သေးသော်လည်း မိုင်းဖြင့် တိုက်ခိုက်မှုကြောင့် အစိုးရဖက်မှ ထိခိုက် ကျဆုံးမှု များနိုင်ကြောင်း ခန့်မှန်းပြောဆိုသည်။

တချိန်ထဲတွင် ဖားကန့်မြို့ဗျူဟာကုန်းမှ KIA တပ်စခန်းရှိရာ မော်မောင်း ကျေးရွာ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ် နေသလို လက်နက်ငယ်သံများလည်း ကြားနေရသည်ဟုု ဆိုသည်။

ဖါးကန့်မြို့ အစိုးရတပ်ဖွဲ့များထံ ရိက္ခာ တင်ပို့နိုင်ရန်အတွက် မိုးကောင်း ဖားကန့်နှင့် မြစ်ကြီးနား ဖားကန့်သွား လမ်းကြောင်းနှစ်ခုအား ထိန်းချုပ်နိုင်ရန် အစိုးရတပ်က ကြိုးစားနေကြောင်းနှင့် ရိက္ခာနှင့် လွန်ခဲ့သည့် ရက်သတ္တ တစ်ပတ်ခန့်က လက်နက်ခဲယမ်းများ တင်ဆောင် ထားသည့် ကားအစီးရေ (၅၀) ခန့် မြစ်ကြီးနား မှ ထွက်ခွာလာ ကြောင်း သိရသည်။

လွန်ခဲ့သည့် တပတ်ခန့်မှ စတင်၍ (၁၀) ကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်းနှင့် အစိုးရတပ်မှ လက်နက် ခဲယမ်း စစ်ကူပို့ဆောင်နေသည့်အတွက် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု KIA တပ်မဟာ(၂)မှ အရာရှိက ဆိုသည်။

“အစိုးရ တပ်ဖွဲ့တွေက အရင်ထက် ပိုများလာတယ်ခင်ဗျ။ မိုးကောင်းကနေ ဖားကန့်ဘက်ကို တက်လာတဲ့ ယာဉ်တန်း တွေလဲရှိတယ်။ လုံခြုံရေးတွေလဲ လမ်းဘေး ဝဲယာတွေမှာလဲ တိုးပြီး ချထားတယ် ခင်ဗျ။ အရင်က ဒီလို စစ်အင်အားနဲ့ ကားကြီးတွေနဲ့ လာတာတော့ မရှိခဲ့ဘူး။ လှုပ်ရှားမှု တချို့ဘဲ ရှိခဲ့ဘူးပါတယ်။” ဟု ဆိုသည်။

ယခင်က ယင်းဒေသ၌ အစိုးရ တပ်ရင်း (၇) ရင်းသာ ရှိပြီး ယခု တပ်ရင်း ၁၅ ရင်းမှ ၂၀ အကြား ရောက်ရှိနေပြီး ဖါးကန့် ဒေသရှိ KIA တပ်ရင်း (၆) ကို စစ်ဆင်ရန် ပြင်ဆင် နေသည်ဟု KIA ဖက်က သုံးသပ် ပြောဆိုသည်။