ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ကျင်းပသော ၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းဝေးမှ အပိုဒ်ပေါင်း ၄ဝ ပါရှိသော‘အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း’ ကို နိုဝင်ဘာ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ လိုက်သည်။
အဆိုပါ ကြေညာစာတမ်း၏ အပိုဒ် ၂၂ တွင် “လူတိုင်းလူတိုင်းသည် လွတ်လပ်စွာ တွေးခေါ် ယုံကြည်ကိုးကွယ်ပိုင်ခွင့် ရှိရမည်။ ဘာသာရေးနှင့် ယုံကြည်ချက်များအပေါ်တွင် ခွဲခြားဖိနှိပ်မှုနှင့် အမုန်းတရားအပေါ် အခြေခံ၍ မည်သည့် လုပ်ဆောင်မှုများမှ မရှိစေရ” ဟု ဖေါ်ပြပါရှိသည်။
အလားတူ လူ့အခွင့်အရေး ကြေညာချက် အပိုဒ် ၁၂ တွင် “လူတိုင်းလူတိုင်းသည် တဦးချင်း လွတ်လပ်ခွင့်နှင့် လုံခြံုမှုရှိရမည်။ မည်သူတဦးတယောက်မှ ဥပဒေအခွင့်မရှိဘဲ ဖမ်းဆီးခြင်း ထိန်းသိမ်းခြင်း အဓမ္မ ခေါ်ဆောင်သွားခြင်း မရှိစေရ။ သို့မဟုတ် လွတ်လပ်ခွင့်ကို ထိပါးသည့် တစုံတရာ ပြုလုပ်ခြင်း မခံစေရ” ဟုလည်း ဖေါ်ပြပါရှိသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် နိုဝင်ဘာ ၁၉ ရက်နေ့က ကျင်းပသော ASEAN Plus Three အစည်းအဝေးတွင် မှတ်တမ်းတင်းဓာတ်ပုံ ရိုက်ကူးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မျိုးသန့်)
ထို့အပြင် လူတိုင်းသည် လွတ်လပ်စွာ ဆန္ဒပြခွင့် အခွင့်အရေး ရှိရမည်ဖြစ်ပြီး “လူတိုင်းလူတိုင်းသည် လူမျိုး၊ လိင်၊ အသက်၊ ဘာသာစကား ကိုးကွယ်ရာဘာသာ နိုင်ငံရေး သို့မဟုတ် ယုံကြည်မှုတခုခု၊ နိုင်ငံသား သို့မဟုတ် လူမှု အသိုင်းအဝိုင်းဇစ်မြစ်၊ စီးပွားရေးရေး အနေအထား၊ မသန်စွမ်းမှု အခြားအခြေအနေ တခုခု ခွဲခြားမှုကြောင့် ယခုဖေါ်ပြ သည့် လွတ်လပ်ရေးနှင့် အခွင့်အရေးများကို မဆုံးရှုံးစေရ သို့မဟုတ် လွတ်လပ်ခြင်းကို ထိပါးသည့် တစုံတရာ ပြုလုပ်မှု မခံစေရ” ဟုလည်း စာတမ်း အခြေခံမူများ၏ အပိုဒ် ၂ တွင် ဖေါ်ပြပါရှိသည်။
စာတမ်းတွင် အခြေခံမူ၊ လူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေး အခွင့်အရေး၊ လူမှုရေး စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ၊ ဖွံ့ဖြိုးမှု အခွင့်အရေး၊ ငြိမ်းချမ်းမှု အခွင့်အရေး စသည့်ကဏ္ဍများ ထည့်သွင်း ဖေါ်ပြထားသည်။
“လူတိုင်းလူတိုင်းနှင့် အာဆီယံ ပြည်သူများတွင် အာဆီယံ၏ လုံခြံုရေးနှင့် တည်ငြိမ်မှု၊ ဘက်မလိုက်မှုနှင့် လွတ်လပ်ရေး စသည့် လုပ်ငန်းဘောင်အတွင်းတွင် ငြိမ်းချမ်းရေးကို ခံစားပိုင်ခွင့်ရှိရမည်။ ထို့ကြောင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး ဟန်ချက်ညီမှုနှင့် တည်ငြိမ်မှု ရရှိစေရန် ဆက်လက်ဆောင်ရွက်ရမည်” ဟု ဖေါ်ပြထားသည်။
အဆိုပါ ကြေညာချက်များနှင့် ပတ်သက်၍ စင်ပြိုင်အာဆီယံ အဖွဲ့ ညှိနှိုင်းရေးမှူး Debbie Stoethard က “အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ မကိုက်ညီပါဘူး။ ကြေညာ စာတမ်းဟာ ဒေသတွင်း လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို ပိုကောင်းအောင် မပေးပါဘူး။ အန္တရာယ်ကတော့ ဒီကြေညာချက်ဟာ အစိုးရတွေကို စံချိန်စံညွှန်းတွေကို လျှော့ချဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမှာမျိုးပါ။ ဒါဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး စံချိန်စံညွှန်း တွေကို မြှင့်တင်ဖို့ အခွင့်အလမ်းတွေကို အန္တရာယ်ပြုနိုင်ပါတယ်” ဟု သုံးသပ် ပြောကြားထားသည်။
၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ကျင်းပခြင်းဖြစ်ပြီး အရှေ့တောင် အာရှ ၁ဝ နိုင်ငံမှ ခေါင်းဆောင်များအပြင် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၊ အမေရိကန် သမ္မတ အိုဘားမား တို့လည်း တက်ရောက်သည်။