လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်/ကျဉ်း ၄၅ ဦး ထပ်လွတ်လာ

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်/ကျဉ်း ၄၅ ဦး ထပ်လွတ်လာ
by -
မဇ္ဈိမ

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၄၅ ဦး ပါဝင်လာကြောင်း နိုင်ငံရေးအကျဉ်း သားများ ကူညီ စောင့်ရှောင်ရေး အသင်း(မြန်မာနိုင်ငံ) AAPP က တနင်္လာနေ့ ညနေ ၃ နာရီအထိ စုဆောင်း ရရှိသော စာရင်းအရ သိရသည်။

ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှ လူ့အခွင့်အရေး ပညာပေးရေးကွန်ယက်အဖွဲ့ ခေါင်းဆောင် ဦးမြင့်အေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင် ၁ဝ ဦးနှင့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ဝင်များ အပါအဝင် ၄၅ ဦး လွတ်မြောက်လာသည်ဟု  AAPP စာရင်း၌ ဖော်ပြပါရှိသည်။

“လွတ်မြောက်လာတဲ့အပေါ်မှာတော့ ကြိုဆိုရမှာပေါ့။ သို့ပေမယ့် နိုင်ငံရေးအကျဉ်းသားလို့ မသုံးဘဲနဲ့ အကျဉ်း သားလို့ပဲ ပုံမှန်သုံးတဲ့ စကားလုံးကတော့ စိတ်မကောင်းစရာပဲ။ ခုလို ဖြစ်နေချိန်မှာ နိုင်ငံရေးအဖြစ်ကို အသိအမှတ် မပြုသေး ဘူးဆိုတဲ့ သဘော သက်ရောက်နေပါတယ်” ဟု AAPP တွဲဖက်အတွင်းရေးမှူး ကိုတိတ်နိုင် က မဇ္စျိမကို ပြောသည်။

နိုင်ငံရေးအမှု မဟုတ်ကြောင်း စောဒက တက်နေသည့်အတွက် AAPP ၏ စာရင်းမှ ဖြုတ်ထားသည့် ခြောက်ဦးနှင့် အခြား လေးဦးတို့လည်း လွတ်မြောက်လာပြီဖြစ်၍ စုစုပေါင်း  ၅၅ ဦး လွတ်မြောက်လာကြောင်း ကိုတိတ်နိုင်၏ ဖေ့ဘွတ် စာမျက်နှာအရ သိရှိရသည်။

လွတ်မြောက်လာသည့် ABSDF ရဲဘော်များထဲတွင် ထောင်ဒဏ်၊ သေဒဏ်မှ တသက် တကျွန်းသို့ ပြောင်း၍ ချမှတ်ခံရသူများ ပါဝင်သည်ဟု ဆိုသည်။

ထိုသို့ ABSDF အဖွဲ့ဝင်များအား လွှတ်ပေးသည့်အပေါ် ဝမ်းသာကြိုဆိုသော်လည်း ကျန်ရှိသေးသည့် အခြား နိုင်ငံရေး အကျဉ်းသားများနှင့် ယင်းတို့ အဖွဲ့ဝင်များကို ဆက်လက် လွှတ်ပေးရန် မျှော်လင့်ကြောင်း ဥက္ကဋ္ဌ ကိုသံခဲ က ပြောသည်။

“အခုလို နှစ်ရှည်လများ ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ၁ဝ ဦး နီးပါး လွတ်မြောက်လာတဲ့အပေါ်မှာ ကျနော်အနေနဲ့ ဝမ်းမြောက် ကြိုဆိုပါတယ်။ ကျနော်တို့ ရဲဘော်တွေ နှစ်ရှည်လများ အကျဉ်းကျခံထားရတာကိုက သူတို့အတွက် အများကြီး နစ်နာတယ်။ အများကြီး ဆုံးရှုံးသွာတယ်။ ဒီအပေါ်မှာ အများကြီး စိတ်မကောင်း ဖြစ်ရတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ABSDF ကျောင်းသား ၂ဝ ကျော်မှာ အနည်းဆုံး ထောင်ဒဏ် ၈ နှစ်မှ အများဆုံး တသက်တကျွန်းထိ ချမှတ်ခံထား ရလျက် အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေဆဲဖြစ်ကြောင်း ကိုသံခဲက ပြောသည်။

“အဓိကအားဖြင့် ဖောက်ခွဲမှုတွေ၊ မတရားအသင်းနဲ့ ဆက်သွယ်မှုတွေ၊ ABSDF တပ်ဖွဲ့ဝင်တွေ ဆိုပြီး ထောင်ထဲကို ထည့်ထားတာ။ သူတို့ကို စွပ်စွဲထားတဲ့ အမှုတွေ တင်ထားတဲ့ ပုဒ်မတွေ၊ အမှုသွား အမှုလာတွေက လုံးဝကို မမှန်ကန်ဘူးလို့ ပြောရမှာပဲ။ လူငယ်တွေရဲ့ ဘဝတွေ၊ လူသားတဦးရဲ့ ဘဝတွေကို အကျဉ်းထောင်ထဲမှာ မတရား ချထားတဲ့အတွက် ဆုံးရှုံးမှုက တော့ အင်မတန် မြှင့်မားပါတယ်” ဟု ဆိုသည်။

ထိုရဲဘော်များအား ပြန်လွှတ်ပေးရန် စောင့်မျော်နေဆဲ ဖြစ်ပြီး လက်ရှိ လွတ်မြောက်လာသူ ရဲဘော်များကိုလည်း မိခင်တပ်ဖွဲ့အနေဖြင့် အမြဲတမ်းကြိုဆိုနေဆဲ ဖြစ်သည်ဟု ကိုသံခဲက ပြောသည်။  

“ကျနော်တို့က တပ်ဖွဲ့ဝင်တွေ အကျဉ်းထောင်ထဲမှာ ကျခံနေရတယ်ဆိုတာက တိုင်းပြည်တာဝန် ထမ်းဆောင်နေတယ် လို့ပဲ ယူဆတယ်။ အချိန်ပြည့် တပ်ဖွဲ့ဝင်တွေလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့်မို့ မိခင်အဖွဲ့အစည်းအနေနဲ့သူတို့ တွေဟာ အချိန်မရွေး တပ်ဖွဲ့ဝင်တွေလို့ အသိအမှတ် ပြုထားတယ်။ သူတို့အတွက် ကျနော်တို့ အဖွဲ့မှာ အမြဲတမ်း
နေရာရှိတယ်။ ကျနော်တို့တွေရဲ့ သူရဲကောင်းတွေ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် မားမားမတ်မတ် ရပ်ခဲ့ကြတယ်။
ပြည်သူလူထု ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ကြတယ်။ ကျနော်တို့ အသိအမှတ်ပြုတယ်” ဟု ဆက်လက်ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များကလည်း သမ္မတ ဦးသိန်းစိန် က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က) နှင့်အညီ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁ (၁) အရ ထိုက်သင့်စွာ ပြစ်ဒဏ်ကျခံပြီး ဖြစ်သည့် အကျဉ်း သားများ စိစစ်၍ ‘အကျဉ်းသား/ အကျဉ်းသူ’ ၅၁၈ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

Most read this week