စစ်တပ်သိမ်း လယ်မြေ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် တောင်သူများ လိုလား

စစ်တပ်သိမ်း လယ်မြေ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် တောင်သူများ လိုလား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် အစိုးရ ခြေမြန်တပ်ရင်း ခမရ ၅၃၉ မှ တပ်ရင်းပိုင် နယ်မြေဟု အကြောင်းပြ၍ ဒေသခံများ၏ လယ်ယာမြေများ သိမ်းယူ ထားသည့်အပေါ် နိုင်ငံအကြီအကဲများ အနေဖြင့် တရား ဥပဒေနှင့် အညီမျှတစွာ ဆောင်ရွက်ပေးရန် ရခိုင်တောင်သူ လယ်သမားများက လိုလားကြောင်း သိရသည်။

ခမရ (၅၃၉) က ကျောက်တော်မြို့ အနောက်ဘက် (၂) မိုင်အကွာ ကျောက်တော်နှင့် သရက်အုပ်အကြား လယ်မြေဧက (၁၀၀) ကျော်ကို လျော်ကြေး တစ်စုံတစ်ရာ မပေးဘဲ ၁၉၉၀ ခုနှစ် ၀န်းကျင်က သိမ်းယူပြီး (၃) နှစ်ခန့် အကြာတွင် အခြားနေရာတခုဖြစ်သည့် ကျောက်တော်နှင့် ပုဏ္ဍားကျွန်း မြို့နယ်အကြား ကန်စောက်တောင်ခြေရင်း သို့ ပြောင်းရွှေ့ခဲ့သည်။

အသစ်ပြောင်းရွှေ့သည့် နေရာရှိ လယ်သမားများထံမှ ဧက ၆၀၀ ကိုလည်း လျော်ကြေး တစ်စုံတစ်ရာ မပေးဘဲ ထပ်မံ သိမ်းယူခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“သူတို့က ကန်စောက်ကို ပြောင်းသွားပေမယ့် ယခင် သိမ်းထားတဲ့ ကျောက်တော်မြို့နဲ့ သရက်အုပ် အကြားမှာ ရှိတဲ့ လယ်ဧက ၁၀၀ ကျော်ကို လယ်သမားတွေကို ပြန်မပေးပါဘူး။ ကျောက်တော်မြို့ ချင်းရွာ ရပ်ကွက်က ဦးချမ်းအေးသာ ဆိုတဲ့သူကို ကန်ထရိုက်ပေးထားပါတယ်။ လယ်သမား တွေက သူ့ဆီက တဧက စပါးတောင်း (၂၀) နုန်းပေးပြီး ငှားရမ်း ထွန်ယက်ရပါတယ်။ တကယ်ဆိုရင် အဲဒီ နေရာမှာ တပ်ရင်းလည်း မရှိတော့တဲ့ အတွက် လယ်တွေကို လယ်သမားတွေကို ပြန်ပေးဖို့ သင့်ပါတယ်” ဟု လယ်သမား တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

လယ်သမားများက ၎င်းတို့ပိုင် လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် အာဏာပိုင် အဖွဲ့အစည်းများထံ စာရေး တောင်းဆိုသော်လည်း အရေးတယူ လုပ်ဆောင်ပေးခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒီလယ်မြေတွေဟာ စစ်တပ် တပ်ရင်းချမယ်ဆိုပြီး သိမ်းသွားတာပါ။ အခုတော့ တပ်ရင်းလည်း မရှိတော့ဘူးဆိုရင် မူလ ပိုင်ရှင်တွေကို ပြန်ပေးသင့်ပါတယ်။ လယ်သမားတွေမှာ သူတို့လယ်ကို ပြန်လည် လိုချင်နေကြပါတယ်။ စစ်တပ်နဲ့ အားချင်း မယှဉ်နိုင်တဲ့ အတွက် လယ်တွေကို တစ်နေ့ ပြန်လည် ရနိုးနိုးနဲ့ စောင့်နေကြပါတယ်” ဟု ဆိုသည်။

ယခုတစ်ခါ ကန်စောက်တောင် အရှေ့ဘက်ရှိ ပြိန်းချောင်းရွာသားများပိုင် လယ်ဧက (၁၂၀) ကို စစ်တပ်ပိုင်ဟု ဆိုကာ ဆက်လက် သိမ်းယူနေပြီး တပ်နယ်မြေဟုဆိုကာ နိုဝင်္ဘာလ ၁၅ ရက်နေ့က ဆိုင်းဘုတ်များ လာထောင်ထားကြောင်း သိရသည်။

လယ်ယာ လုပ်ငန်းကို အမှီပြုနေသည့် လယ်သမားများ အနေဖြင့် ၎င်းတို့ပိုင် လယ်မြေများကို မပေးချင်သော်လည်း မတတ်သာသည့် အဆုံး ပေးလိုက်ရသည့်နောက် စစ်တပ်က လိုသည်ထက် ပို၍ သိမ်းယူနေခြင်း ဖြစ်ကြောင်း ဒေသအတွင်းမှ ဆရာတော် တစ်ပါးက မိန့်ကြားသည်။

Most read this week